၂၂.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်ဒေသအကြား ချစ်ကြည်ရေးညီအစ်မဒေသများ ထူထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၊ Yuelai Wyndham Hotel တွင် မေ ၂၀ ရက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန် Mr. Huang Maojun တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ မေ ၁၉ ရက်က စတင်ထွက်ခဲ့ပြီး ချုံချင့်မြို့ရှိ Yuzhou ဟိုတယ်တွင် နှစ်ရက်ကြာကျင်းပခဲ့သည့် “ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကွန်ဖရင့် ၂၀၂၆ ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် မြို့ပေါင်း ၃၈ မြို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာချစ်ကြည်ရေးအဖွဲ့အစည်း ၉ ခု၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သံတမန်များ၊ ချုံချင့်နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ နိုင်ငံခြားလုပ်ငန်းရှင်များနှင့် စီးပွားရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် မြို့ပြများအကြောင်း မိတ်ဆက်ပြသကာ ချုံချင့်မြို့၏ နိုင်ငံတကာချစ်ကြည်ရေးမြို့တော်များ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုများကို ခင်းကျင်းပြသထားကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ကိုယ်စားလှယ်အဖွဲ့သည် မေ၂၀ ရက် မွန်းလွဲပိုင်းတွင် ချုံချင့်မြူနီစီပယ် အစိုးရ နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် “နိုင်ငံတကာ မိတ်ဖက်ချစ်ကြည်ရေးမြို့တော်များ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲ” သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ညပိုင်းတွင် “ရန်ကုန်တိုင်းဒေသကြီးနှင့် ချုံချင့်မြူနီစီပယ်ဒေသအကြား ချစ်ကြည် ရေးညီအစ်မဒေသများ ထူထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ” သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က အဆိုပါစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကာ ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

