၂၀.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များမှ ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် ကောင်းမွန်သောပြောင်းလဲမှုအဖြစ် ယာဥ်မောင်းများအား လေးစားစွာအလေးပြုခြင်း၊ ယဥ်ကျေးစွာပြုမူဆက်ဆံခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း မေ ၂၀ ရက်က သိရသည်။
မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် အစိုးရသစ်လက်ထက် ရက်(၁၀၀) စီမံချက်ကာလအတွင်း လမ်းအသုံးပြုသူ ပြည်သူများနှင့် မော်တော်ယာဉ်မောင်းနှင်၊ စီးနင်းသူများအား ယာဥ်အန္တရာယ် ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာ၊ မောင်းနှင်ကြစေရန် အသိပညာပေးခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ပြည်သူ့ကို ပြောဆိုဆက်ဆံတဲ့နေရာမှာ ချိုသာယဉ်ကျေးစွာနဲ့ လေးစားချစ်ကြည်စွာ ဆက်ဆံဖို့ ပြယုဂ်တစ်ခုအနေနဲ့ လေးလေးစားစားနဲ့ ယာဉ်မစစ်ဆေးမီမှာ ကျွန်တော်တို့က အလေးပြုတယ်။ ပြီးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ပြောပြပြီးတော့ ပညာပေးတာဖြစ်ပါတယ်။ လေးစားမှုသဘောပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် မော်တော်ယာဉ်ကားလမ်း အသုံးပြုသူ ပြည်သူများကိုလည်း လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေး စာစောင်များဝေငှခြင်း၊ စောင့်ကြည့်ပညာပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။
“ယာဉ်မောင်းတွေရော၊ လမ်းအသုံးပြုသူတွေရော ယာဉ်မှမဟုတ်ပါဘူး။ ခြေကျင်သွားတဲ့သူရော၊ စက်ဘီးစီးတဲ့သူရော၊ တွန်းလှည်းတွန်းတဲ့သူတွေရော လမ်းအသုံးပြုသူအားလုံးကို ဒီလိုမျိုးပညာပေးတဲ့အတွက် သူတို့လည်း အန္တရာယ်ကင်းသလို ဗဟုသုတလည်းရပါတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကျားရှိသည့် အချက်အခြာကျသည့် လမ်းဆုံများတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်နေပြီး တပ်ဖွဲ့စုအလိုက်အနေဖြင့်လည်း ဘုရား၊ ကျောင်းများရှေ့တွင်လည်း ပညာပေးဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့စည်ကမ်းလိုက်နာရန် အသိပညာပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီး မေ ၁၄ ရက်ကစတင်၍ ဒဏ်ငွေချမှတ်အရေးယူရန် လျာထားခဲ့သော်လည်း ယခုအခါ အသိပညာပေးကာလတစ်ပတ်ကို တိုးမြှင့်ထားကြောင်း၊ ယင်းကာလအပြီးတွင် စည်ကမ်းမလိုက်နာသူများကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပြည်နှစ် ပုဒ်မ ၉၆ အရ ကျပ်ငွေ သုံးသောင်းထက်မပိုသော ငွေဒဏ်ကို ချမှတ်အရေးယူနိုင်ကြောင်း၊ အသိပညာပေးမှုကာလကိုလည်း ဆက်လက်တိုးမြှင့်နိုင်ကြောင်း သိရသည်။






