သတိုး
၁၈. ၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားရဲတပ်ဖွဲ့သည် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးအား လိုက်လံဖမ်းဆီးကာ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ပြီးနောက် ၎င်း၏ဖိနပ်ကို လုယူကာ တံထွေးဖြင့်ထွေးခဲ့သည့် ဖြစ်စဉ်တွင် စွပ်စွဲခံထားရသော မြန်မာလူငယ်တစ်စုကို လိုက်လံရှာဖွေလျက်ရှိသည်။
အဆိုပါတိုက်ခိုက်မှုသည် မေလ ၁၆ ရက်နေ့ သန်းခေါင်ကျော်အချိန်က ချွန်ဘူရီခရိုင်၊ ဘန်လမွန်ဒေသ၊ ဆူခွန်ဗစ်လမ်းပေါ်ရှိ ဝပ်ချောင်လုံ (Wat Chong Lom) ဘုရားကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ လူငယ်၏ ပြောဆိုချက်အရ ၎င်းနှင့် သူငယ်ချင်းနှစ်ဦးသည် ပတ္တရားတောင်ပိုင်းရှိ ဘာလီဟိုင်းတံတား (Bali Hai Pier) အနီးတွင် စုဝေးနေသော မြန်မာလူငယ် ၁၀ ဦးခန့်ရှိသည့် အုပ်စုနှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုအုပ်စုထဲမှ တစ်ဦးက “ဘာလို့ ကြည့်နေတာလဲ” ဟု လှမ်းအော်ခဲ့ပြီးနောက် ပြဿနာမဖြစ်စေရန်အတွက် ၎င်းတို့သူငယ်ချင်းတစ်စုမှာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။
သို့သော်လည်း အဆိုပါ မြန်မာလူငယ်အုပ်စုသည် မော်တော်ဆိုင်ကယ် ၃ စီး၊ ၄ စီးခန့်ဖြင့် ၅ ကီလိုမီတာခန့်အထိ နောက်မှ လိုက်လံမောင်းနှင်လာခဲ့ပြီး လမ်းဘေးတွင် ၎င်းတို့အား အတင်းအကျပ် ရပ်တန့်ခိုင်းခဲ့ကြောင်း သိရသည်။ ၎င်း၏သူငယ်ချင်းနှစ်ဦးမှာ လမ်းတစ်ဖက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ၎င်းမှာမူ ဖမ်းမိသွားပြီး လက်သီးဖြင့် အကြိမ်ကြိမ်ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းတို့ကို ခံခဲ့ရသည်ဟု ဒဏ်ရာရရှိသူလူငယ်က ပြောသည်။
ထို့အပြင် တိုက်ခိုက်သူများသည် ၎င်း၏ မော်တော် ဆိုင်ကယ်ကို ဖျက်ဆီးခဲ့ကြပြီး၊ ဖိနပ်ကိုလုယူခြင်း၊ ဂျာကင်အင်္ကျီကို ဆုတ်ဖြဲကာ ၎င်းအပေါ်သို့ တံထွေးဖြင့်ထွေးခြင်းများ ပြုလုပ်ပြီးမှ ထိုနေရာမှ ထွက်ပြေးသွားခဲ့ကြကြောင်း ၎င်းက စွပ်စွဲပြောဆိုထားသည်။
ဘန်လမွန်ရဲတပ်ဖွဲ့ကမူ နစ်နာသူလူငယ်သည် တိုင်ချက်ဖွင့်ထားပြီးဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးမှူးများက စီစီတီဗီ (CCTV) မှတ်တမ်းများကို ပြန်လည်စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက ဆက်လက်၍ နစ်နာသူမှာအသက်မပြည့်သေးသူဖြစ်သည့်အတွက် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နောက်ထပ် မေးမြန်းစစ်ဆေးမှုများနှင့် ဆေးစစ်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေသတွင်း သတင်းအချို့၏ ဖော်ပြချက်အရ အဆိုပါလုယက်မှုကျူးလွန်သူများမှာ ကရင်လူငယ်များဖြစ်ကြောင်း သိရသော်လည်း ၎င်းတို့သည် ထိုင်းနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသား ကရင်လူငယ်များဖြစ်သည်ကိုမူ တိတိကျကျ ခွဲခြားနိုင်ခြင်းမရှိသေးကြောင်းနှင့် လုယက်ခံရသည့် ဖိနပ်မှာ Adidas အမျိုးအစားဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: Khaosod
