သက်တံ့
၁၈. ၅. ၂၀၂၆
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် ဘာလိုချီစတန် (Balochistan) ပြည်နယ်၊ မန်ဂလာ ဇာဂွန်းဂါ (Mangla Zarghoon Ghar) ဒေသတွင် လုပ်ဆောင်နေသည့် ထောက်လှမ်းရေးသတင်းအခြေပြု စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမား ၃၅ ဦးကို သုတ်သင်နိုင်ခဲ့ပြီး အရေးပါသည့် အဆင့်မြင့်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဘာလိုချီစတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ရင့်ဒ် (Shahid Rind) က ကွက်တာ (Quetta) မြို့တွင် တနင်္ဂနွေနေ့ညပိုင်းက မီဒီယာများကို ပြောကြားရာ၌ မေ ၁၃ ရက်တွင် စတင်ခဲ့သည့် အဆိုပါစစ်ဆင်ရေးအတွင်း လွန်ခဲ့သည့် ၄ ရက်တာကာလတွင် အကြမ်းဖက်သမား ၃၅ ဦး သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။
“ဒီစစ်ဆင်ရေးဟာ ဘာလိုချီစတန်ပြည်နယ်အတွင်းက အကြမ်းဖက်လက်နက်ကိုင် ပါကစ္စတန်တာလီဘန်အဖွဲ့ (Tehreek-e-Taliban Pakistan – TTP) နဲ့ သူတို့ရဲ့ လက်ဝေခံအဖွဲ့တွေကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်ပါတယ်” ဟု ရှာဟစ်ရင့်ဒ်က ပြောသည်။
ရှာဟစ်ရင့်ဒ်၏ ပြောကြားချက်အရ ဖမ်းဆီးရမိသည့် ခေါင်းဆောင် ၃ ဦးမှာ အဆင့်မြင့်အရေးပါသူများဖြစ်ပြီး၊ ယခုစစ်ဆင်ရေးကို အဆိုပါပြည်နယ်အတွင်း ယခင်က ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင်များထံမှ ရရှိသော ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“လုံခြုံရေးတပ်ဖွဲ့တွေဟာ မန်ဂလာ ဇာဂွန်းဂါဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေအခြေစိုက်တဲ့ စခန်းအများအပြားကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ အကြမ်းဖက်သမားများအား ကူညီပံ့ပိုးပေးသူများ၊ စိစစ်လမ်းညွှန်ပေးသူများနှင့် ငွေကြေးထောက်ပံ့ပေးနေသူများကို ဖမ်းဆီးနိုင်ရန်အတွက် ယုံကြည်စိတ်ချရပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည့် ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံကာ ပြည်နယ်အတွင်း အခြားစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ပါကစ္စတန်စစ်တပ်ဘက်ကမူ ယခုနောက်ဆုံး ဗဟိုပြုလုပ်ဆောင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဘာလိုချီစတန်ပြည်နယ်၊ ဘာခန် (Barkhan) ခရိုင်ရှိ အကြမ်းဖက်သမားများကို ရှင်းလင်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၅ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ် ပြန်ကြားရေးအဖွဲ့ (ISPR) က ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါစစ်ဆင်ရေးအတွင်း အနည်းဆုံး အကြမ်းဖက်သမား ၇ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
Ref : PTI Via Deccan Chronicle
