၁၅.၅.၂၀၂၆
Translated by Htwe Ko Tun
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မကြာမီကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း မေလ ၁၄ ရက်က ပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။
ရုရှားသမ္မတပူတင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့က ယခုနှစ်များအတွင်း အကြိမ် ၄၀ ကျော် တွေ့ဆုံခဲ့ကြဖူးကြောင်းလည်း သိရသည်။
ရုရှားနှင့် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွား၍ သုံးပတ်ခန့်မကြာသေးသောအချိန်မှာပင် ခေါင်းဆောင်နှစ်ဦးက အကန့်အသတ်မရှိသော မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများအဖြစ်တည်ရှိမှု သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြသည်။
သမ္မတပူတင်၏ တစ်ရက်ကြာ ပေကျင်းမြို့သို့ ခရီးစဉ်ကို မည်သည့်နေ့တွင်သွားရောက်မည်ဖြစ်သည်ကိုမူ အတိအကျ မပြောကြားသေးသော်လည်း သတင်းရင်းမြစ်များက မေလ ၂၀ ရက်တွင်ဖြစ်မည်ဟု မျှော်လင့်ရကြောင်း ပြောခဲ့ကြသည်။ ၎င်းတို့က ဤခရီးစဉ်မှာ ရုရှားအစိုးရ၏ တရုတ်အစိုးရနှင့် ပုံမှန်ဆက်သွယ်ရေးသာဖြစ်မည်ဟု ယူဆရကြောင်း၊ သို့သော် ခမ်းနားသောစစ်ရေးပြအခမ်းအနား (သို့မဟုတ်) ကြိုဆိုပွဲဖြင့် ပူတင်ကို ကြိုဆိုလိမ့်မည်ဟု ယူဆကြောင်းလည်း ပြောခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း တရုတ်နိုင်ငံသို့ မေလ ၁၃ ရက်မှ မေလ ၁၅ ရက်အထိ သုံးရက်ကြာသွားရောက်လည်ပတ်ခဲ့ရာ ရုရှားသမ္မတ ပူတင်၏ခရီးစဉ်နှင့် ရက်ပိုင်းသာ ပို၍စောလိမ့်မည်ဖြစ်သည်။
တရုတ်အစိုးရအနေဖြင့်လည်း အင်အားကြီးနှစ်နိုင်ငံမှ ခေါင်းဆောင်များကို တစ်လတည်းတွင် လက်ခံကြိုဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်း၏နှစ်ဖက်စလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေး တည်ရှိစေရန် စီမံခန့်ခွဲမှုနှင့် ပိုမိုပြိုကွဲနေသော ကမ္ဘာ့အစီအစဉ်ကြားတွင်အချက်အချာကျသော အဓိက အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေမည်ဖြစ်သည်။
Ref- Reuters, SCMP
