၁၅.၅.၂၀၂၆
Translated by Htwe Ko Tun
ဘိုလီးဗီးယားနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်နေရသည့် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာချိန်တွင် နိုင်ငံအတွင်း သတ္တုတွင်း အဖွဲ့များနှင့် ကျေးလက်သမဂ္ဂများ ဦးဆောင်သော ဆန္ဒပြသူများက ဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လာပါ့ဇ်မြို့တွင် မေလ ၁၄ ရက်က ဖြစ်ပွားခဲ့သောဆန္ဒပြပွဲများကြားတွင် ပေါက်ကွဲမှုငယ်များ ကြားခဲ့ရပြီး သတ္တုတွင်းလုပ်သားများက ဒိုင်းနမိုက်တုတ်ငယ်များကို ပစ်လွှတ်ခြင်းကြောင့်ဟု ယူဆရသည်။ ဆန္ဒပြသူအချို့က သမ္မတနန်းတော်အတွင်း ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်ဟုလည်း သတင်းများထွက်ပေါ်လာခဲ့သည်။
နိုင်ငံ၏ လက်ရှိစီးပွားရေးက ဝရုန်းသုန်းကားဖြစ်နေမှုအပေါ် သတ္တုတွင်းလုပ်သားများ၊ လယ်သမားများ၊ ကျောင်းဆရာများနှင့် ကျေးလက်လုပ်သားများက စိတ်ပျက်အားငယ်မှုများ ဖော်ပြသည့်အနေဖြင့် လမ်းပိတ်ဆို့မှုများ ရက်သတ္တပတ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၄ ရက်တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘိုလီးဗီးယားနိုင်ငံက ယခင်က သဘာဝဓာတ်ငွေ့ အဓိကတင်ပို့သူနိုင်ငံဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ၎င်း၏ဓာတ်ငွေ့သိုက်များ ယိုယွင်းပျက်စီးလာပြီးနောက် နိုင်ငံ၏ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းသွားခဲ့သည်။ ယခုအခါတွင်မူ ဘိုလီးဗီးယားနိုင်ငံက လောင်စာတင်ပို့သူဖြစ်မည့်အစား ပြည်ပမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို မှီခိုနေရသော နိုင်ငံ ဖြစ်လာခဲ့သည်။
သဘာဝဓာတ်ငွေ့လုပ်ငန်း ပြိုလဲမှုက နိုင်ငံအတွက် နိုင်ငံခြားငွေ ထောက်ပံ့မှု လျော့နည်းလာခြင်းလည်း ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ထောက်ပံ့မှု ပြတ်လပ်ခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့လည်း နိုင်ငံအတွင်း ဖြစ်ပေါ်လာခဲ့သည်။
ဘိုလီးဗီးယားနိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှုကိုစိုးရိမ်သည့်အတွက် ရှည်လျားလှသော လိုင်းများဖြင့်တန်းစီကာဝယ်ယူနေကြရပြီး ဆေးရုံများ၌ အောက်ဆီဂျင်နှင့် ဆေးဝါးကဲ့သို့သော အခြေခံထောက်ပံ့မှုများ ပြတ်လပ်နေကြောင်း သတင်းပို့ခဲ့ကြသည်။
ဗဟို-လက်ယာယိမ်းခေါင်းဆောင် ရိုဒရီဂို ပါ့ဇ်က နိုင်ငံ၏စီးပွားရေး အခြေအနေဆိုးရွားနေမှုကို ဖြေရှင်းရန် ကတိပြုချက်ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။
၎င်း၏ ရွေးကောက်ပွဲအနိုင်ရရှိမှုက ဘိုလီးဗီးယားတွင် နိုင်ငံရေးအရ ကြီးမားသော အပြောင်းအလဲတစ်ခုကို အမှတ်အသားပြုခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တိုတောင်းသောကာလမှလွဲ၍ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံကို လက်ဝဲယိမ်း Movement Towards Socialism (MAS) ဆိုရှယ်လစ်ပါတီမှသာ အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။
MAS ကျဆင်းမှုသည် စီးပွားရေးနှင့်ပတ်သက်သည့် ဆူပူအုံကြွမှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယူဆရသည်။ သို့သော် မေလ ၁၄ ရက်ကမူ ပါ့ဇ်သည် MAS ပါတီမှ လူးဝစ် အာစီကဲ့သို့ပင် ဆန္ဒပြသူများထံမှ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။
Reuters သတင်းဌာန ကမူ မေလ ၁၄ ရက်အစောပိုင်းတွင် သတ္တုတွင်းလုပ်သား ၂၀ ဦးပါ အဖွဲ့တစ်ဖွဲ့ကို သမ္မတ ပါ့ဇ်နှင့် တွေ့ဆုံပြီး ၎င်းတို့၏ တောင်းဆိုချက်များကို ဆွေးနွေးရန် သမ္မတနန်းတော်သို့ ဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးမတိုင်မီ စီးပွားရေးဝန်ကြီး ဂျို့စ် ဂါဘရီယယ်လ် အက်စ်ပီနိုဇာက အစိုးရအနေဖြင့် ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးခဲ့သည့် ကိစ္စရပ်များထဲတွင် လောင်စာဆီထောက်ပံ့ကြေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ဗုဒ္ဓဟူးနေ့တွင် ရုပ်သိမ်းခဲ့သော လယ်ယာပြုပြင်ပြောင်းလဲရေး အစီအမံ Law 1720 ကို ပြောင်းလဲမှုများ ပါဝင်သည်။
သို့သော် အစိုးရအရာရှိများက ပါ့ဇ်အား ရာထူးမှဆင်းပေးရန် တောင်းဆိုမှုများကို ငြင်းဆိုခဲ့ကြသည်။ ပါ့ဇ်၏ မဟာမိတ်အချို့ကလည်း မငြိမ်မသက်မှုများအတွက် ဘိုလီးဗီးယား၏ ကျေးလက်ဒေသများတွင် လူထုထောက်ခံမှုကို ဆက်လက်ရရှိနေသော ကုန်သွယ်ရေးသမဂ္ဂခေါင်းဆောင်ဟောင်း သမ္မတဟောင်း အီဗို မာရေးလ်ကို အပြစ်တင်ခဲ့ကြသည်။
Ref- Reuters

