သက်တံ့
၁၅. ၅.၂၀၂၆
အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅)နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြားမှာ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့ဟာ မနေ့က မေလ ၁၄ ရက် နံနက် ၁၀ နာရီမှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅)နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးကျင်းပရေးနဲ့ အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့ကြီးနဲ့အတူ ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် ဆက်ဆံတည်ရှိလာမှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လာမယ့် ဇွန်လမှာ ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။


