၁၄.၅.၂၀၂၆
Translated by Htwe Ko Tun
ယူနိုက်တက်ကင်းဒမ်းနိုင်ငံမှာ ရာထူးမှ နုတ်ထွက်ဖို့ ဖိအားပေးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လေဘာပါတီ ဝန်ကြီးချုပ် ကား စတမ်မာရဲ့ အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်းက မေလ ၁၄ ရက်က နုတ်ထွက်သွားခဲ့ပြန်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်းရဲ့ နုတ်ထွက်မှုက ပြီးခဲ့တဲ့အပတ်က လေဘာပါတီဟာ ဒေသန္တရနှင့် ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စတမ်မာရဲ့ အစိုးရအဖွဲ့မှာ အကြီးတန်းဝန်ကြီးတစ်ဦးအနေနဲ့ ပထမဆုံး ရာထူးမှနုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနုတ်ထွက်မှုက ရွေးကောက်ပွဲရလဒ်တွေဆိုးရွားခဲ့တဲ့နောက် ဝန်ကြီးချုပ် ကား စတမ်မာ အပေါ် ယုံကြည်မှုဆုံးရှုံးသွားတာကို ရည်ညွှန်းဖော်ပြနေတာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကား စတမ်မာက သူ့နေရာမှာ ကျန်းမာရေးဝန်ကြီးအဖြစ် ဂျိမ်းစ် မာဆေးကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး ဂျက်စ် ဖိလစ် အပါအဝင် အငယ်တန်းဝန်ကြီးလေးဦး မေလ ၁၂ ရက်က နုတ်ထွက်ခဲ့ပါသေးတယ်။
ရွေးကောက်ပွဲရလဒ် ညံ့ဖျင်းပြီးနောက် လေဘာပါတီဟာ နေရာ ၁,၄၀၀ ကျော် ဆုံးရှုံးခဲ့ပြီး စကော့တလန်နဲ့ ဝေးလ်စ်နယ်တို့မှာ အဓိကဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီ့နောက်မှာတော့ လေဘာပါတီက လွှတ်တော်အမတ် ၈၀ ကျော်ဟာ စတမ်မာကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ဖို့ အခုအခါ ဖိအားပေးတောင်းဆိုနေကြတာပါ။ ဒါပေမယ့် စတမ်မာကတော့ နုတ်ထွက်ဖို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။။
အခုရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်မှုတွေက လေဘာပါတီအဖို့ နောက်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရနိုင်မှာမဟုတ်ဆိုတဲ့ ထိတ်လန့်မှုတွေကို လေဘာပါတီအမတ်တွေအကြား ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါ့ပြင် စတမ်မာကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ဖို့ရာမှာ အစိုးရအဖွဲ့အတွင်းနဲ့ လေဘာပါတီတို့အတွင်းမှာလည်း သဘာထားကွဲမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
Ref-DW News, BBC
