၂. ၃. ၂၀၂၃
Written By Thandar

ခန္ဓာကိုယ်ကောက်ကြောင်းလှလှလေးနဲ့ အလှမယ်ကတစ်ဆင့် သရုပ်ဆောင်ဖြစ်လာတဲ့ ချောကလျာရဲ့ အချစ်ရေးပတ်သက်ပြီးတော့ အချစ်ကို ကြောက်သွားတာ မဟုတ်ဘဲ ပြောင်းလဲတတ်တဲ့ လူတွေက ခဏတာပဲကောင်းပြီး ရေရှည်ကောင်းတဲ့သူ ရှားတာကြောင့်လို့ ရင်ဖွင့်လာပါတယ်။

“ချောရဲ့ အခုအသက်အရွယ်မှာတော့ ချောလည်းမငယ်တော့ဘူး။ စဥ်းစားထားတာ တစ်ယောက်ထဲနေတော့ရင် ကောင်းမလားလို့လေ။ စိတ်ပင်ပန်းလို့ အချစ်ကိုမရှာချင်တော့ဘူး။ ကိုယ့်ကိုချစ်ပြီး တကယ် တန်ဖိုးထားတဲ့သူဆိုတာက တကွေ့ကွေ့မှာ ဘဝကတွေ့ဆုံခွင့်ပေးမှာပဲလေ။ ဖူးစာဖက်အမှန်ကတော့ ရောက်လာမှာပဲ။ အဲဒီအချိန်ကို ချော စောင့်လိုက်တော့မယ်။ ချောအချစ်ကို မရှာချင်တော့ဘူး။ ပင်ပန်းတယ်။ ချော ဒီအသက်အရွယ်မှာတော့ ချော မချစ်ခဲ့ဖူးတာမဟုတ်ဘူး။ ချော ချစ်ခဲ့ဖူးတယ်။ စိတ်တွေလည်း အရမ်းကိုပင်ပန်းခဲ့ဖူးတယ်။ အခန်းထောင့်လေးမှာ ငိုပြီး အရမ်းပြိုလဲခဲ့ဖူးတယ်။ ဒါပေမယ့် ချောကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်တယ်။ ဘဝမှာအချစ်တစ်ခုထဲက ဘဝ မဟုတ်ဘူး။ ဘဝမှာ အချစ်ရေးထက် အရေးကြီးတာတွေအများကြီးရှိတယ်။ အချစ်ကို ကြောက်သွားတာ မဟုတ်ဘူး ပြောင်းလဲတတ်တဲ့ လူတွေကလေ ခဏတာပဲကောင်းတာပါ။ ရေရှည်ကောင်းတဲ့သူ ရှားပါတယ်။ ရေရှည်ကောင်းသူကို ပိုင်ဆိုင်ထားရင် တန်ဖိုးထားကြပါလို့ ချောကအကြံပေးချင်ပါတယ် ”လို့ သရုပ်ဆောင်ချောကလျာက ပြောပါတယ်။

သူမက“တစ်ခါမိုက်” ဇာတ်လမ်းတွဲမှာ ခပ်မိုက်မိုက် ဂျစ်ကန်ကန် ကိုယ်ဖြစ်ချင်တာ လိုချင်တာဆိုရင် မရရအောင် ယူတတ်တဲ့ ခေါင်းမာတဲ့မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ချောကလျာရဲ့ အပြင်ကာရိုက်တာနဲ့ ကွာခြားမှုရှိလားဆိုရင် တချို့ဟာတွေက မတူသလို သူမတကယ်ဖြစ်ချင်တယ်ဆိုရင် မရရအောင်လုပ်ယူတတ်ပါတယ်လို့လည်း သိရပါတယ်။

“ဒီကားမှာ ဒါရိုက်တာက သူလိုချင်တဲ့ အိုက်တင်မရမချင်း ကြိုးစားဖို့ပြောတော့လေ ချောကို လုံးဝကိုမညှာဘူး။ ငိုရတဲ့ဇာတ်ဝင်ခန်းတစ်ခန်းကလည်း နေ့တစ်ဝက် ကုန်သွားတယ်။ ချောဆိုရင် ငိုရတာနှုတ်ခမ်းတွေထုံလာပြီး သတိလစ်မတတ်ဖြစ်ခဲ့တယ်။ နှလုံးတွေဆိုရင် အရမ်းကိုမောလာတယ်။ သာမာန် တစ်ခါလောက်စိတ်တိုလို့ ငိုရင်အောင် အရမ်းမောတယ်မလား။ နေ့တစ်ဝက်ငိုရတော့ ချောလေလက်တွေဆိုရင် အကြောတွေပါ ကပ်လာတယ်။ စိတ်ကို တော်တော်လေး လျှော့ချလိုက်ရတယ်။ ကိုယ့်အခွင့်အရေးပဲ။ အကောင်းဆုံးလုပ်မှဖြစ်မယ်ဆိုပြီး စိတ်ကိုလျှော့ချရတယ်။ ‌‌ဒေါသထွက်ပြီး ပညာသားပါပါပြောရတာ ဒီဇာတ်ဝင်ခန်းက အမှတ်တရပါပဲ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News