၂. ၃. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အရက်သောက်ထားသည့် လူငယ်နှစ်ဦး မောင်းနှင်လာသော ကားက တက္ကစီ ၂ စီးကို တိုက်မိသည့် ယာဉ်သုံးစီး ဆင့်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းထံက သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၁ ရက် ညပိုင်း ၁၁ နာရီ အချိန်ခန့်က အထက်ပုဇွန်တောင်လမ်းနှင့် ဒေါ်သိန်းတင် လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်မိသည့် ကားမှာလည်း လေအိတ်ပွင့်သွားသောကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း အဆိုပါ အသင်းထံက သိရသည်။

“ကျွန်တော်တို့ကို အကြောင်းကြားတဲ့ အချိန်မှာတော့ သုံးစီးကတော့ တိုက်ပြီးသွားပြီ။ ရပ်ကွက်က အကြောင်းကြားတာပါ။ ရောက်သွားတဲ့ အချိန် ကားတွေက ကရိန်းနဲ့ ဆွဲရတဲ့ အဆင့်ရောက်သွားပြီ။ စတိုက်တဲ့ ကားက ကလေးတွေက အမူးလွန်နေတဲ့ ပုံရှိတယ်။ တက္ကစီတစ်စီးက မီးပွိုင့်မှာရပ်ထားတာ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အရှိန်မထိန်းနိုင်သည့်အတွက် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေအိတ်ပွင့်သွားသည့်အတွက် အသက်မသေကြခြင်းဖြစ်ကာ စတိုက်သည့် ကိုယ်ပိုင်ကားပေါ်တွင် အသက် ၂၁ နှစ်နှင့် အသက် ၂၂ နှစ်အရွယ် လူငယ် ၂ ဦးပါကြောင်း ၎င်းက ဆိုသည်။

“အနောက်က ဝင်တိုက်တာတော့ မဟုတ်ဘူး။ မီးပွိုင့်ကလည်း သိပ်မမှန်ဘူး ထင်တယ်။ ဟိုဘက်ရော ဒီဘက်ရောက မီးစိမ်းပြီဆိုပြီး ဖြတ်တာ။ ဒီဘက်ကားခေါင်းကို တိုက်မိပြီး ဟိုဘက်ကားခေါင်းကို ထပ်တိုက်မိတာ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News