ဂရိနိုင်ငံတွင် ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိမှုအား အပေါ်စီးမြင်ကွင်းမှတွေ့ရစဉ်

◾️လူသားအမှားကြောင့် ရထားတိုက်မိမှုဖြစ်ရခြင်းဟု ဂရိဝန်ကြီးချုပ် ပြောကြား

၂. ၃. ၂၀၂၃
Translated by Htwe Ko Tun

ဂရိနိုင်ငံတွင်ရထားလမ်းပိုင်းဆိုင်ရာ အဆိုးဝါးဆုံးသောဖြစ်ရပ်တစ်ခုဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်ညက ကုန်ရထားတစ်စီးနှင့် ခရီးသည်တင်ရထားတစ်စီးတို့ တိုက်မိခဲ့မှုတွင် သေဆုံးသူဦးရေမှာ မတ်လ ၁ ရက်ညပိုင်းတွင် ၄၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် ၎င်းကလူသားအမှားကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဂရိနိုင်ငံဝန်ကြီးချုပ် ကီရီယာကိုစ် မီဆိုတာကီက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဤသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါရထားချင်းတိုက်မိမှုအတွက် ဒေသခံရထားရုံပိုင်တွင် တာဝန်ရှိကြောင်းလည်း သိရသည်။ ဖြစ်ရပ်ကြောင့် ဂရိအစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ သို့ရာတွင် ရထားနှစ်စင်းစလုံးက အဘယ်ကြောင့် ရထားပြေးလမ်းတစ်ခုထဲတွင် ရောက်ရှိနေကာ ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြသနည်းဆိုသည့်အချက်မှာ ရှင်းလင်းမှုမရှိသေးပေ။ ဒေသခံရထားရုံပိုင်ကမူ ၎င်းအနေဖြင့် မှားယွင်းအချက်ပြမိမှု မရှိကြောင်းနှင့် ရထားတိုက်မိမှုက နည်းပညာပိုင်းမှားယွင်းမှုတစ်စုံတစ်ရာကြောင့်သာ ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

ရထားတိုက်မိမှုက ဖေဖော်ဝါရီ ၂၈ ရက် ညသန်းခေါင် မတိုင်မီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၃၅၀ သယ်ဆောင်လာသော ခရီးသည်တင်ရထားက လာရစ်ဆာမြို့ဘူတာမှထွက်ခွာလာကာ လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် ခရီးသည်တင်ရထား၏ ရှေ့ဆုံးတွဲလေးတွဲမှာ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး ၎င်းတို့အနက်ပထမဆုံးတွဲနှစ်တွဲက မီးလောင်ကျွမ်းကာလုံးဝနီးပါး ပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းမှုက ရထားတိုက်မိပြီးနောက် ချက်ချင်းဆိုသလိုပင်ဖြစ်ပွားခဲ့ရာ ခရီးသည်အချို့မှာ ရထားတွဲများ၏ ပြတင်းပေါက်များကို ရိုက်ချိုးဖျက်ဆီးကာ ထွက်ပြေးခဲ့ကြရသည်။ ရထားတိုက်မိမှုတွင် သေဆုံးရသူများကို မျိုးဗီဇ စစ်ဆေးခြင်းဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ပြန်လည်ခွဲခြားပေးနေသည်ဟု လာရစ်ဆာမြို့ဆေးရုံကပြောခဲ့သည်။

Ref—-bbc

Leave a Reply

Your email address will not be published. Required fields are marked *