MT News

Written By Thandar

အခမဲ့ရုပ်သံလိုင်း (Free to Air) များထဲက တစ်ခုဖြစ်သည့် MNTV (Myanmar National Television) Channel ရုပ်သံလိုင်းတွင် ထည့်ထားသည့် အစုရှယ်ယာအချို့ကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ သန်းနှင့် ပြန်လည် ဝယ်ယူသွားရန် Dream Vision က ဆုံးဖြတ်လိုက်သည်။

ရွှေသံလွင်မီဒီယာအုပ်စုက တည်ထောင်ခဲ့ပြီး Dream Vision Co.,Ltd က စီမံခန့်ခွဲနေသည့် MNTV ရုပ်သံလိုင်းမှာ CJICT Media, LLC နှင့် ဂျပန် NHK ရုပ်သံလိုင်း တည်ထောင်ထားသည့် Japan International Broadcasting Inc. (JIV tv) တို့က ရှယ်ယာထည့်ဝင်ထားသည်။ အဆိုပါ ပိုင်ဆိုင်သည့် သာမန် အစုရှယ်ယာ ၃,၁၀၀ ကို ရွေးချယ်သည့် နည်းလမ်းနှင့် ပြန်လည်ဝယ်ယူဖို့ ကမ်းလှမ်းခြင်းကို Dream Vision တွင် ပါဝင်သူများက ဖေဖော်ဝါရီ၂၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။

Dream Vision Co.,Ltd မှ စီမံခန့်ခွဲနေသည့် MNTV ရုပ်သံလိုင်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် Skynet DTH မှ စတင်ထုတ်လွှင့်ခဲ့ပြီး အခမဲ့ရုပ်သံလိုင်း (Free to Air Channel) အဖြစ် ၂၀၁၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။

CJICT Media, LLC. နှင့် JIV တို့ ပိုင်ဆိုင်သည့်အစုရှယ်ယာများကို ပြန်လည်ဝယ်ယူဖို့ အတွက် ကမ်းလှမ်းသည့် ငွေပမာဏကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ သန်း သတ်မှတ်ထားသည်။ ထိုသဘောတူလက်ခံမှုအပေါ် မူတည်ကာ အစုရှယ်ယာများ ပြန်လည်ဝယ်ယူမူကို အကြောင်းကြားသည့် နေ့ရက် ၂၈ ရက် ပြည့် မြောက်ပြီးသည့်နေ့တွင် ဆောင်ရွက်သွားမည်ဟုလည်း ဒါရိုက်တာအဖွဲ့က ထုတ်ပြန်ထားသည်။ အစုရှယ်ယာများ ပြန်လည်ဝယ်ယူခြင်း ပြီးစီးဆောင်ရွက်ပြီးသည်နှင့် CJICT Media, LLC. နှင့် JIV တို့၏ ပိုင်ဆိုင်မှု အကျိုးခံစားခွင့်အားလုံး ရပ်စဲမည်ဟုလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News