နေမိုး
၁၂. ၅. ၂၀၂၆
ရပ်ကွက်အုပ်ချုပ်ရေးမှူးဇနီးမောင်နှံနှင့် သမီးဖြစ်သူတို့သုံးဦးကို ထားဝယ် PDF များက သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းနှင့် ထိုသတ်ဖြတ်မှုအတွင်း မိဘနှစ်ပါးသေဆုံးသွားပြီး သမီးဖြစ်သူဒဏ်ရာရမှု ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အကြမ်းဖက် KNU နှင့် NUG ဩဇာခံ PDF တို့ ကျက်စားသော ထားဝယ်ဒေသတွင် PDF တို့ ကျူးလွန်သည့်ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်(၅၂)နှစ်သည် ၎င်း၏ နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်စန်းထွေး(၅၀)နှစ်၊ သမီးဖြစ်သူ မသဲစုလွင်(၂၅)နှစ်တို့နှင့်အတူရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့ သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့၍ ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဦးမြင့်လွင်နှင့် ဒေါ်စန်းထွေးတို့ နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။



တရားဝင်ထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော် အပါး ၁၀၀ ကျော်အပြင် ကလေးသူငယ်များ၊ ရပ်ကျေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
