နေမိုး
၁၂. ၅. ၂၀၂၆
မွန်ပြည်နယ်တွင် သောင်းကျန်းနေမှု ကြာမြင့်နေပြီဖြစ်ပြီး ယနေ့တိုင် နှိမ်နင်းချေမှုန်းနိုင်ခြင်းမရှိသေးသည့် NUG ဩဇာခံ ရေးဘီလူး PDF အဖွဲ့က အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီးနောက် သေဆုံးနေသည့် ရုပ်အလောင်းပုံနှင့်တကွ ထိုသူမှာ ခလရ (၁၀၆) မှ ဒုတပ်ရင်းမှူးဖြစ်သည်ဟု ပုံနှင့်တကွ ယနေ့မနက်တွင် ထုတ်ပြန်လာသည်။
ရေးဘီလူးအဖွဲ့သတ်ဖြတ်လိုက်သည့်အမျိုးသားမှာ မွန်ပြည်နယ်၊ လမိုင်းမြို့၊ ခလရ (၁၀၆) တပ်ရင်းမှ ဒုတပ်ရင်းမှူးအဆင့်ရှိသူ ထွန်းရာကျော်ဟုလည်း ရေးသားထားပြီး ရေးဘီလူးထုတ်ပြန်ချက်တွင် “11.5.2026 မွန်ပြည်နယ် လမိုင်းမြို့ ခလရ(၁၀၆) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော အမည်-ထွန်းရာကျော်၊ရာထူး-ဒုရင်းမှူး အဆင့်ရှိသည့် ခလရ(၁၀၆)တပ်ရင်းတွင် အားကိုးရသော ဒုရင်းမှူးထွန်းရာကျော်ကို ကျွုန်ုပ်တို့ရေးဘီလူးတပ်ရင်းမှ ဝိဉာဉ်အသွင်ပြောင်းပေးလိုက်ပါသည်။ တိုက်ပွဲဖစ်ပွါးသည့်နေရာ-လမိုင်းမြို့ရဲစခန်းအနီး မီတာ(၁၀၀)အကွာဝေးတွင်ဖစ်သည်။ အချိန်-6:30PM။(သတ်ပုံမူရင်း)”ဟုလည်း ရေးသားထားသည်။
ရေးဘီလူးအဖွဲ့ သတ်ဖြတ်လိုက်သည်မှာ မွန်ပြည်နယ်၊ လမိုင်းမြို့၊ ခလရ (၁၀၆) တပ်ရင်းမှ ဒုတပ်ရင်းမှူးအဆင့်ရှိသူ ထွန်းရာကျော် ဟုတ် မဟုတ် MT News က မြေပြင်အတည်မပြုနိုင်သလို ရေးဘီလူးအဖွဲ့ကလည်း မျက်နှာဖော်ပြထုတ်ပြန်ခြင်းနှင့် သက်ဆိုင်ရာအထောက်အထားများ ထုတ်ပြနိုင်ခြင်းမရှိသဖြင့် ဖြစ်စဥ်မှန်မမှန် တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းဆဲဖြစ်ပြီး ယခုသတင်းမှာလည်း ကျုးလွန်သည့် ရေးဘီလူးအဖွဲ့က အမျိုးသားတစ်ဦးသတ်ဖြတ်လိုက်ကြောင်း ရေးဘီလူးအဖွဲ့ကိုယ်တိုင်ဝန်ခံချက်ကိုသာ သတင်းအဖြစ် ဖော်ပြခြင်းဖြစ်သည်။
ရေးဘီလူးအဖွဲ့သည် ယခင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုအပြင် သုံပန်းအဖြစ် ဖမ်းဆီးထားသူ ပြည်သူ့စစ်အဖွဲ့ဝင်ဆိုသူကိုလည်း ရေးဘီလူးဦးဆောင်ပြီး လည်ပင်းခုတ်ဖြတ်သတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်ထားသောအဖွဲ့ ဖြစ်သဖြင့် NUG က အရေးယူမည်ထုတ်ပြန်ထားသော်လည်း အမှန်တကယ် အရေးယူခြင်းမရှိပေ။
