
၁၂.၅.၂၀၂၆
Written By Thandar
3H Art Film Production က အချစ်ဒရာမာဇာတ်လမ်းပုံစံ “ယောက်ျားဧကန်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယမန်နေ့ မေလ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ အနုပညာရှင်တချို့တက်ရောက်ခဲ့ပါတယ်။
“ကျွန်တော်က ဒီကားမှာ ရဲရင့်ဆိုတဲ့ သူတစ်ယောက်နေရာက ပါဝင်ထားပါတယ်။ ကာရိုက်တာကတော့ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ အားလုံးက ဒီကားနဲ့ပတ်သက်ပြီးတော့ BL လို့ ထင်နေကြတယ်။ ဒီကား BL ကား လုံးဝမဟုတ်ပါဘူး။ ပိုစတာကြော်ငြာလေးကတော့ ပရိသတ်စိတ်ဝင်စားအောင်လေး ဖန်တီးထားတာမို့ပါ။ ပထမတွေ့ရတဲ့အချိန်မှာ ခုလိုလေးမြင်တွေ့ရတာပါ။ ဒီကားမှာလည်း LGBT တစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ စိတ်နေစိတ်ထား၊ သံယောဇဉ်တွေ အားကိုးလိုစိတ်တွေ၊ လေးနက်ပြီးတော့ မိုက်ရူးရဲဆန်တဲ့ ချစ်ခြင်းမေတ္တာတွေလည်း ပါပါတယ်။ အဓိပ္ပါယ်ရှိရှိ လေးလေးနက်နက်နဲ့ ကိုယ်ချင်းစာတရား အကြောင်းအရာလေး ဖန်တီးထားတဲ့ကားပါ။ ဒါရိုက်တာမောင်မျိုးမင်းရဲ့ Edit ပိုင်းကြောင့် စိတ်ဝင်စားစရာ ဖြစ်သွားတာပါ။ ဒိုင်ယာလော့ခ်တွေလည်း တော်တော်ကောင်းပါတယ်”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အောင်ကြီး၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ ထက်အောင်ရှိုင်း၊ ညီနန္ဒ၊ ပန်းရောင်ခြယ်၊ ဝေလာရီ၊ တင်ဇာ၀င်းပြည့်၊ ဟန်လေး၊ သီဟအောင်၊ ချက်ကြီး၊ စိုးသီရိအောင်၊ ဟန်၀င်းအောင်၊ ဇာလီ၊ စိုးတင့်နဲ့ ကလေးသရုပ်ဆောင် နေဘုန်းထက်၊ ဇွဲထက်လျှံနဲ့ 3H ကျောင်းသား/ ကျောင်းသူတွေ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
“ယောက်ျားဧကန်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့်မေလ(၁၅) ရက်နေ့မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
