သက်တံ့
၁၁. ၅. ၂၀၂၆
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ဒီနေ့ တနင်္လာနေ့ (မေလ ၁၁ ရက်၊ ၂၀၂၆) မနက်ပိုင်းမှာ ထောင်ကနေ စောစီးစွာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒါဟာ နိုင်ငံရေးလောကရဲ့ ဩဇာကြီးပုဂ္ဂိုလ်တစ်ဦး လူမြင်ကွင်းထဲကို ထင်ထင်ပေါ်ပေါ် ပြန်လည်ရောက်ရှိလာမယ့် အလားအလာကို ဖော်ဆောင်နေပါတယ်။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ အဂတိလိုက်စားမှုနဲ့ ချမှတ်ထားတဲ့ ထောင်ဒဏ်တစ်နှစ်ထဲက သုံးပုံနှစ်ပုံပြစ်ဒဏ်ဖြစ်တဲ့ ရှစ်လကို ကျခံပြီးနောက် ဥပဒေနဲ့အညီ ခံဝန် (Parole) နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
သက်ဆင်ဟာ လာမယ့် ၄ လတာ ခံဝန်ကာလအတွင်းမှာ ခြေရာခံစောင့်ကြည့်ရေးကိရိယာ Electronic Monitor -လျှပ်စစ်ခြေကျင်းဝတ်) ဝတ်ဆင်ထားရမှာ ဖြစ်ပါတယ်။
မနက် ၇ နာရီ ၄၀ ဝန်းကျင်မှာ ဘန်ကောက်မြို့ရှိ Klong Prem ဗဟိုအကျဉ်းထောင်ကနေ ထွက်ခွာလာချိန်မှာ သမီးဖြစ်သူ ပေတုံတန် ရှင်နာဝပ်ထရာ အပါအဝင် မိသားစုဝင်တွေနဲ့ အနီရောင်ဝတ်ဆင်ထားတဲ့ ထောက်ခံသူ ရာပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။
သက်ဆင်ရဲ့ ရှင်နာဝပ်ထရာမိသားစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ဝန်ကြီးချုပ် ၄ ဦးအထိ ထွက်ပေါ်ခဲ့ပြီး ကျေးလက်နေပြည်သူတွေရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာတော့ သူတို့ရဲ့ ဖြူထိုင်းပါတီ (Pheu Thai) ဟာ တတိယနေရာကို ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဖြူထိုင်းပါတီဟာ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ပါဝင်နေတဲ့အတွက် သက်ဆင် နိုင်ငံရေးလောကထဲ ပြန်ဝင်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ပြည်ပမှာ ကာလရှည်ကြာ တိမ်းရှောင်နေတဲ့ သက်ဆင်ဟာ သမီးဖြစ်သူ ပေတုံတန် ဝန်ကြီးချုပ်ဖြစ်လာအပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီးနောက် အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ပေါ့ပေးခြင်းခံခဲ့ရတာကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံမှာပဲ နေထိုင်ခဲ့ပါတယ်။
ဒီ့အပေါ် ဝေဖန်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ သက်ဆင်ဟာ အမှုရင်ဆိုင်ခဲ့ရသလို တရားရုံးချုပ်က သက်ဆင်ဟာ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျန်ရှိတဲ့ ပြစ်ဒဏ်ကို အကျဉ်းထောင်ထဲမှာ ဆက်လက်ကျခံခဲ့ရတာ ဖြစ်ပါတယ်။
“သူဟာ လူကောင်းတစ်ယောက်ပါ၊ ပြည်သူတွေ ဝဝလင်လင် စားသောက်နေထိုင်နိုင်ဖို့ပဲ သူလုပ်ဆောင်ခဲ့တာ”လို့ ထောက်ခံသူတွေက ယုံကြည်ကြပြီး သူ နိုင်ငံရေးကနေ နုတ်ထွက်သွားမှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ သက်ဆင် လွတ်မြောက်လာတာဟာ ဖြူထိုင်းပါတီကို ခေတ္တခဏ အင်အားကောင်းစေနိုင်ပေမဲ့ ရှေးရိုးစွဲဝါဒီတွေကတော့ သက်ဆင်ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စောင့်ကြည့်နေကြလိမ့်မယ်လို့ ဆိုပါတယ်။
Ref: CNA
