သက်တံ့
၆. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု သံသယဖြင့် မြန်မာနိုင်ငံသား ၄ ဦးကို ချူရာချန်းပူ (Churachandpur) ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မဏိပူရပြည်နယ် လုံခြုံရေးတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (မေ ၆ ရက်) တွင် အတည်ပြုပြောကြားသည်။
တာဝန်ရှိသူများ၏ အဆိုအရ ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပါဝင်သည့် ကျီခါးမြို့တွင် နေထိုင်သူများဖြစ်ကြသည့် ထန်စောမုန် (၅၆ နှစ်)၊ ကမ်ခန်မုန် (၅၆ နှစ်)၊ ဂျွန်မုန် (၃၁ နှစ်) နှင့် ဟောက်ခူ (၅၅ နှစ်) တို့ ဖြစ်ကြသည်။
ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့များသည် ဘီဟီယန် (Behiang) ရဲစခန်းနယ်မြေအတွင်းရှိ ဘွာလ်ကော့ (Bualkot) ကျေးရွာအနီးတွင် ထန်စောမုန်နှင့် ကမ်ခန်မုန်တို့ကို Kenbo ဆိုင်ကယ်တစ်စီးနှင့်အတူ တားဆီးစစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ ဘိန်းဖြူအမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက် ၂၂ ခွက်ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အား စစ်ဆေးမေးမြန်းပြီးနောက် ဘီဟီယန်ကျေးရွာတွင် ကျန်ရှိနေသည့် ဂျွန်မုန်နှင့် ဟောက်ခူတို့ကို ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက် ၄၄ ခွက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဘီဟီယန်ရဲစခန်း၌ နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေ (Foreigners Act) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အက်ဥပဒေ (NDPS Act) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦး၏ အပြောအရ ဘိန်းဖြူအမှုန့်ထည့်ထားသည့် ဆပ်ပြာခွက်တစ်ခွက်လျှင် ၁၃ ဂရမ်ခန့် အလေးချိန်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် မူးယစ်ဆေးဝါး တစ်ဂရမ်လျှင် အိန္ဒိယရူပီး ၅,၀၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
ဘီဟီယန်ကျေးရွာသည် အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက်တွင် တည်ရှိပြီး ချူရာချန်းပူမြို့မှ ၆၇ မိုင်ခန့် ကွာဝေးကာ အရှေ့တောင်အာရှသို့ ဆက်သွယ်ထားသည့် ဒုတိယမြောက် စင်္ကြံလမ်းအဖြစ်လည်း လူသိများသည်။
Ref : Hindustan Times
