သက်တံ့
၆. ၅. ၂၀၂၆
ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုကာ သီလရှင်ဝတ်စုံဖြင့် စင်ပေါ်တက် အလှပြိုင်သည့် တာချီလိတ်အလှမယ် အိမွန်လွင်နှင့် Miss Grand Myanmar တာဝန်ရှိသူများကို အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကို ယမန်နေ့တွင် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ပြီးနောက် ကျူးလွန်သူများ စိစစ်အရေးယူခံနေရသဖြင့် လက်ကျန်ပွဲစဉ်များကို ယနေ့မှစ အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း Miss Grand Myanmar က ယခု ကြေညာသည်။
“လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ကျင်းပရန် ကျန်ရှိသော Preliminary Competition နှင့် Grand Final ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာအပ်ပါသည်။” ဟု Miss Grand Myanmar Organization က ယနေ့ထုတ်ပြန်သည်။




လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် အိမွန်လွင်က အလှပြိုင်သည့်စင်မြင့်ထက် ကတုံးအတု၊ သီလရှင်ဝတ်စုံဖြင့်၊ ခွက်တစ်လုံးကိုကိုင်ကာ အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် လှုပ်ယမ်း၍ အလှူခံသည့်ပုံရိပ်မှာ ဗုဒ္ဓဘာသာဝင်တို့အဖို့ အမြင်မသင့်စရာဖြစ်ခဲ့သဖြင့် ဝိုင်းဝန်းဝေဖန်ရှုတ်ချခဲ့ကြသလို တာချီလိတ်အလှမယ် အိမွန်လွင်၏ ထိုလုပ်ရပ်အပေါ် အရေးယူပေးရန် လူမှုကွန်ရက်တွင် ဝိုင်းဝန်းတောင်းဆိုကြမှုအပြင် ဦးဆောင်ကျင်းပသည့်အဖွဲ့အစည်းကိုလည်း ထိရောက်စွာအရေးယူရန်လိုကြောင်း တောင်းဆိုခဲ့ကြပြီးနောက် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းအရေးယူဆောင်ရွက်လာခြင်းဖြစ်သည်။
ကျူးလွန်သူများအပေါ် အရေးယူမှု အသေးစိတ်အခြေအနေများကို တာဝန်ရှိသူများက သတင်းဆက်လက်ထုတ်ပြန်မှုမရှိသေးသော်လည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကြားသိရမှုအရမူ တာချီလိတ်အလှမယ်၊ ပွဲစီစဉ်သူများအပါအဝင် တာဝန်ရှိသူတို့ကို ခံဝန်ထိုးခြင်းနှင့် ရပ်ကျေးဥပဒေပုဒ်မ ၂၆၊ သာသနာညှိုးနွှမ်းစေမှုပုဒ်မ ၂၉၅ (က) တို့ဖြင့် အရေးယူဆောင်ရွက်နေသည်ဟုလည်း ကနဦး သိရသည်။
အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် စင်မြင့်ထက်တွင် သီလရှင်ဝတ်စုံဝတ်ကာ ဝင်ရောက်ယှဥ်ပြိုင်သည့် တာချီလိတ်အလှမယ် အိမွန်လွင်ကို ထုတ်ပယ်သည်ဟု Miss Grand Myanmar က မေလ ၅ ရက်တွင် ကြေညာခဲ့သလို တာချီလိတ်အလှမယ်၏ ထိုလုပ်ရပ်မှာ ဗုဒ္ဓဘာသာကို မထီမဲ့မြင့်ပြုမှုဟုပါ Miss Grand Myanmar က ဝန်ခံခဲ့သည်။
