၆.၅.၂၀၂၆
Written by Linn Eain
မိုးရာသီကာလအတွင်း ကောင်းမွန်လျက်ရှိသည့် ရေအားလျှပ်စစ်စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အားထုတ်ယူရမည်ဖြစ်သဖြင့် တမံကြီးများ ကြံ့ခိုင်ရေးနှင့် ရေအားလျှပ်စစ်စက်ရုံများ ပြန်လည်စစ်ဆေးရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မှာကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)တွင် မေ ၅ ရက်၊ မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က “ မကြာမီ မိုးကျလာတော့မည်ဖြစ်ရာ ကောင်းမွန်လျက်ရှိနေသည့် ရေအားလျှပ်စစ်စက်ရုံများအား စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အားထုတ်ယူရမည်ဖြစ်ကြောင်း၊ ယင်းအတွက်တမံကြီးများအား ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ် စက်ရုံများကို ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ချွတ်ယွင်း ပျက်စီးမှုများဖြစ်ပေါ်လာပါက အမြန်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများအလိုက် အရန်ပစ္စည်းများ စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ယင်းမှ ပိုမိုထွက်ရှိလာသည့်ဓာတ်အားများ ပို့ဆောင်နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကိုလည်း စစ်ဆေးထားရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု (Power Generation Mix)တွင် အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ရေအားလျှပ်စစ်စက်ရုံအချို့နှင့် မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် ယခုကဲ့သို့ အပူချိန်မြင့်မားသည့်အချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းလာသည့် အချိန်တို့တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာစက်ရုံများအပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိုးရာသီအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများကို အကျိုးရှိရှိဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန်နှင့် အစီအမံများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
