MT News
၆. ၅. ၂၀၂၆
မန္တလေးငလျင်ဖြစ်စဉ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတကာနည်းတူ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search Rescue) Medium Team အဆင့် အဖွဲ့ (၂)ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်က ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း ဒုတိယသမ္မတ ဦးညိုစောက ယမန်နေ့ မေလ ၅ ရက်က ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးညိုစောက ယနေ့သည် တိုင်းရင်းသားမိဘ ပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ် အသွယ်သွယ်မှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာဖြင့် ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်တိုင်းတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေးသာမက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သက်စွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ချီးကျူးပြောကြားသည်။



ထို့အပြင် မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မီးသတ်လုပ်ငန်းတာဝန် ဆိုသည်မှာ အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ချက်ချင်း တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ယနေ့ခေတ် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးလုပ်ငန်းတစ်ခုတည်းသာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းနှင့် အ ရေးပေါ်ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းစသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မီးသတ်တပ်ဖွဲ့က ဆောင်ရွက်ရသည့် လုပ်ငန်းများသည် မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နေရုံမျှနှင့် ပြီးပြည့်စုံသည်မရှိဘဲ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်းနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သဘာဝဘေးကျရောက်သည့် ဒေသများတွင် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ တွေ့ကြုံခဲ့ရသည့် ဘေးအန္တရာယ်တိုင်းတွင် ထိရောက်လျင်မြန်စွာ အကောင်းဆုံး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မန္တလေးငလျင်ဖြစ်စဉ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတကာနည်းတူ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search Rescue) Medium Team အဆင့် အဖွဲ့ (၂)ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်က ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာစွမ်းရည် ပြိုင်ပွဲများ၌ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ခြင်း အပေါ်၌လည်း များစွာကျေနပ်အားရမိပါကြောင်းနှင့် ထိုကဲ့သို့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်းလည်း ဦးညိုစောက ပြောကြားသည်။



ထို့အတူ အနာဂတ်မီးသတ်တပ်ဖွဲ့သည် ပိုမိုခိုင်မာအားကောင်းသည့် ဖွဲ့စည်းပုံ၊ ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် အားလုံးသည် စည်းကမ်းတကျနှင့် လေ့ကျင့်မှုမပျက်စေဘဲ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် တာဝန်သိစိတ် မြင့်မားစွာ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင် ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန် လိုကြောင်း ဒုတိယသမ္မတက မှာကြားသည်။
