၆.၅.၂၀၂၆
Translated by Htwe Ko Tun
ကိုလံဘီယာနိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု မေလ ၄ ရက်က ဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးခဲ့ပြီး နိုင်ငံ၏ သတ္တုတွင်းကဏ္ဍကို ထိခိုက်စေသည့် နောက်ဆုံး မတော်တဆ သေဆုံးမှုဖြစ်ခဲ့ရကြောင်း သိရသည်။
အရေးပေါ်ဝန်ထမ်းများက မြို့တော် Bogotá မြောက်ဘက် ဆူတာတောဆာမြို့ရှိ ကျောက်မီးသွေးတွင်းများမှ သတ္တုတွင်းလုပ်သား ခြောက်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာ၏ အမျိုးသားသတ္တုတွင်းအေဂျင်စီက ဓာတ်ငွေ့များစုပုံလာခြင်းက မေလ ၄ ရက် ညနေ ၄ နာရီ (၂၁:၀၀ GMT) တွင် ပေါက်ကွဲမှုဖြစ်ပွားရသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။
အမျိုးသားသတ္တုတွင်းအေဂျင်စီက လွန်ခဲ့သောတစ်လမပြည့်မီက ကျောက်မီးသွေးတွင်းကို စစ်ဆေးပြီးနောက် အန္တရာယ်ရှိသော ဓာတ်ငွေ့စုပုံလာမှုကို တွင်းလုပ်ငန်းရှင်များထံ ပေးပို့သတိပေးခဲ့သော အကြံပြုချက်များစာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ ကိုလံဘီယာရှိ သတ္တုတွင်းအများစုကို တရားဝင် မဟုတ်သော နည်းလမ်းဖြင့် လည်ပတ်နေပြီး သင့်လျော်သော ဘေးကင်းရေးစံနှုန်းများ မရှိကြောင်း တွေ့ရသည်။
ဒေသဆိုင်ရာ မီးသတ်ဌာန၏ ဗိုလ်မှူးကြီး အယ်လ်ဗာရို ဖာဖန်က အရေးပေါ်ဝန်ထမ်းများသည် သတ္တုတွင်းလုပ်သားများ၏ ရုပ်အလောင်းများကို ပြန်လည်ရယူရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများကိုမူ ဆေးရုံတွင် ကုသပေးလျက်ရှိသည်။
ကိုလံဘီယာနိုင်ငံတွင် သတ္တုတွင်းမတော်တဆမှုများက အဖြစ်များလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လက လိုင်စင်မဲ့ရွှေတွင်းတစ်တွင်းမှ အလုပ်သမား ၁၈ ဦးကို စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မြေအောက်တွင် ၁၈ နာရီကြာပိတ်မိနေပြီးနောက် ကယ်တင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ဆူတာတောဆာ အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုအနေနှင့် ထိုဒေသရှိ ကျောက်မီးသွေးတွင်းများ၏ ဥမင်လိုဏ်ခေါင်းများမှတစ်ဆင့် ပေါက်ကွဲခဲ့သော ပေါက်ကွဲမှုတွင် လူ ၂၁ ဦး သေဆုံးခဲ့ရသည်။
ထိုပေါက်ကွဲမှုက မီသိန်းဓာတ်ငွေ့များစုပုံလာခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ထိုအချိန်က ပြောကြားခဲ့သည်။
ဆူတာတောဆာသည် ဆယ်စုနှစ်များစွာကြာ ကျောက်မီးသွေးတူးဖော်ရေးဗဟိုချက်တစ်ခုဖြစ်ခဲ့ပြီး ဒေသခံအများအပြားသည် ထိုလုပ်ငန်းတွင် လုပ်ကိုင်နေကြသည်။
Ref -BBC
