၆.၅.၂၀၂၆
Written by Linn Eain
ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အခမဲ့သင်ကြားပေးမည့် အီလက်ထရောနစ်သင်တန်း(၁ နှစ်)၊ ကွန်ပျူတာ၊ စက်ချုပ်၊ ဆံသ၊ တံဆိပ်ရိုက်သင်တန်း(၃ လစီ) အား မရမ်းကုန်းမြို့နယ်၊ ကျိုက်၀ိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်းအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း (၁)နှစ်သင်တန်းဖြစ်သော အီလက်ထရောနစ်သင်တန်းကို ၂၀၂၆ ခုနှစ်၊ မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၆ ရက်အထိလည်းကောင်း၊ (၃) လသင်တန်းများဖြစ်သော ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်းများကို မေ ၁၁ ရက်မှ ဩဂုတ် ၇ ရက်အထိလည်းကောင်း သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများသို့ တက်ရောက်ခွင့်ရသူများသည် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသား၊ သင်တန်းသူများအတွက် ရန်ကုန်မြို့သို့လာသော အသွားအပြန်ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ကြေညာထားသည်။
သင်တန်းလျှောက်ထားမည့်သူများသည် သတ်မှတ်ချက်များအနေဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်ရမည်၊ အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိသူဖြစ်ရမည်၊ နေ့စဉ်တစ်ကိုယ်ရေလုပ်ငန်းဆောင်တာများအား ဆောင်ရွက်နိုင်သူဖြစ်ရမည်၊ သင်တန်းကာလအတွင်း ကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လေးစားလိုက်နာနိုင်ရမည်၊ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်စသည့် အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကာ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းလျှောက်ထားလိုသူများသည် အမှတ် (၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင် တိုက်ရိုက်လျှောက်ထားနိုင်ပြီး သင်တန်းအပ်နှံရာတွင် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း၊ ကျန်းမာရေးနှင့်ပတ်သက်သော ဆေးမှတ်တမ်းများနှင့် သောက်သုံးနေရသည့် ဆေးဝါးများယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဖုန်းနံပါတ်-၀၆၇-၄၀၄၂၅၂ နှင့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၆၆၁၇၁၂၊ ၀၉-၄၄၈၀၃၅၀၈၀၊ ၀၉-၉၇၂၆၆၁၈၄၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
