၂.၅.၂၀၂၆
Written by Nay Yaung Lin
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား တတိယနေ့ကို မေလ ၂ ရက်၊ နံနက် ၉ နာရီက သီရိမင်္ဂလာကမ္ဘာအေးကုန်းတော်ရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မဟာမင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး
ထူးမခြားနား သီချင်းခံသုံးပိုဒ်ကို မြန်မာ့စောင်းဖြင့် သီကျူးပူဇော်ကြသည်။
ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရတို့က အဘိဓမ္မာပိဋကတ် သင်္ဂါယနာအမေးအဖြေ ပြုလုပ်၍ သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသက ဩဝါဒကထာ မိန့်ကြားတော်မူသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မ ကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ပထမနေ့နှင့် ဒုတိယနေ့က ဖတ်ကြားခဲ့သည့် စာတမ်း ၅ စောင်အပေါ် စိစစ်သုံးသပ်လျှောက်ထားခဲ့သည်။
ထို့နောက် သဘာပတိ ဆရာတော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် နဝကမ္မလှူဖွယ်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် ပတ္ထနာစာတမ်း မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်း အနားဆိုင်ရာများကို ဩဝါဒမိန့်ကြားတော်မူခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း နိဂုံးချုပ် ဩဝါဒကထာ မိန့်ကြားတော်မူပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်မှ မေလ ၂ ရက်အထိ သီရိမင်္ဂလာကမ္ဘာအေးကုန်းတော်ရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီးတွင် သုံးရက်ကြာကျင်းပခဲ့ပြီး ပထမနေ့ ဖွင်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။














