






၃၀.၄.၂၀၂၆
Photo by Nay Young Lin
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့အခါသမယ ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်၊ ဗိုလ်တထောင်စေတီတော်တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်မှုမြင်ကွင်းများကို ဖော်ပြလိုက်ရပါသည်။
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပြီး ဂေါတမမြတ်စွာဘုရားရှင်နှင့် ဆက်နွှယ်သည့် ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။
ဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့ပြီး ယင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။
ရေသွန်းလောင်းကြခြင်းမှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထူးခြားချက်ကြီး ၄ ရပ်မှာ
(၁)ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
(၃) မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
(၄)မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ဟု မှတ်သား သိရှိရပါသည်။
