သတိုး
၃၀. ၄. ၂၀၂၆
အသက် ၂၅ နှစ်အရွယ်ရှိ ပါကစ္စတန် ဗလီဆရာ အလီ ကာရှစ်ဖ် (Ali Kashif) သည် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် အစ္စလာမ်ဘာသာဝင်တို့ သမိုင်းအစဥ်အဆက် အရွယ်မရောက်သေးသည့်ကလေးမများကို လက်ထပ်သည့် ဓလေ့စရိုက်ကို ကာကွယ်ပြောဆိုခဲ့သလို ကလေးသူငယ်အိမ်ထောင်ပြုခြင်းကို လူသိရှင်ကြား ထောက်ခံ ပြောဆိုခဲ့ပြီးနောက် အီတလီအာဏာပိုင်များက ၎င်းအား ပြည်နှင်ဒဏ်ပေးလိုက်သည်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က ကာရှစ်၏ ပြောဆိုမှုထွက်ပေါ်လာအပြီး နောက်တစ်နေ့တွင်ချက်ချင်း ပြည်နှင်ဒဏ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ပါကစ္စတန်အမျိုးသား အလီ ကာရှစ်ဖ်သည် အီတလီတွင် ၆ နှစ်ကြာ နေထိုင်ခဲ့သူဖြစ်သော်လည်း အီတလီအာဏာပိုင်များက ၎င်းအား ဖယ်ရှားရန်အတွက် အမျိုးသားလုံခြုံရေးဥပဒေများကို အသုံးပြုခဲ့သည်။
အဆိုပါဥပဒေများသည် “လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည်” ဟု ယူဆရသူ သို့မဟုတ် ပြည်သူ့အေးချမ်းသာယာရေးကို ခြိမ်းခြောက်နေသူဟု ယူဆရသည့် မည်သည့်နိုင်ငံခြားသားကိုမဆို နှင်ထုတ်ပိုင်ခွင့် အစိုးရအား ပေးအပ်ထားသည်။ ဤကဲ့သို့ လျင်မြန်စွာ အရေးယူဆောင်ရွက်မှုသည် အစ္စလာမ္မစ်အစွန်းရောက် သို့မဟုတ် အန္တရာယ်ရှိသော အယူဝါဒများမှ လူမှုတန်ဖိုးများနှင့် ပြည်သူ့ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် အီတလီနိုင်ငံ၏ တင်းကျပ်သော ရပ်တည်ချက်ကို ပေါ်လွင်စေသည်။
ဤအမှုသည် အီတလီရုပ်မြင်သံကြားအစီအစဉ်တစ်ခုဖြစ်သည့် Fuori dal Coro တွင် လျှို့ဝှက်ရိုက်ကူးထားသည့် အပိုင်းတစ်ခုကို ဧပြီလဆန်းတွင် ထုတ်လွှင့်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်တွင် သတင်းထောက်တစ်ဦးက အစ္စလာမ်ဘာသာဝင်အဖြစ် ကူးပြောင်းလိုသည့် ကျောင်းသားတစ်ဦးအဖြစ် ဟန်ဆောင်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ မေးမြန်းပြောဆိုရာတွင် ဗလီဆရာက “၉ နှစ်အရွယ် မိန်းကလေးများသည် အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသားများနှင့် လက်ထပ်နိုင်သည်” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် အီတလီအာဏာပိုင်များက ၎င်းအား နောက်တစ်ရက်တွင်ပင် ပါကစ္စတန်သို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
Rete 4 အစီအစဉ်တွင် အဆိုပါ ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ပြီးနောက် လူထုအတွင်း ဒေါသတကြီး ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အီတလီမြောက်ပိုင်း ဘရက်ရှာ (Brescia) မြို့မှ အာဏာပိုင်များသည် အဆိုပါ အထောက်အထားများကို ပြန်လည်စိစစ်ပြီးနောက် ၎င်းအား အီတလီပိုင်နက်အတွင်းမှ ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည်။
မြောက်ပိုင်းအီတလီ၊ ဘရက်ရှာမြို့ ရဲမင်းကြီး Paolo Sartori က Channel 4 ၏ Fuori dal Coro အစီအစဉ်မှ သတင်းထောက် ပြုလုပ်ခဲ့သည့် လျှို့ဝှက်စုံစမ်းမှု ရုပ်သံမှတ်တမ်းကို စစ်ဆေးခဲ့သည်။ ထိုစုံစမ်းမှုတွင် သတင်းထောက်သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် စိတ်ဝင်စားသည့် အီတလီလူမျိုးအဖြစ် ဟန်ဆောင်ကာ အိမ်ထောင်ရေးဆိုင်ရာ ကျင့်ထုံးများကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြောဆိုမှုအတွင်း ကာရှစ်ဖ်က မိန်းကလေးငယ်များသည် “ပထမဆုံး ရာသီသွေးပေါ်ပြီးနောက်တွင် အိမ်ထောင်ပြုနိုင်သည်” ဟု အကြံပြုပြောကြားခဲ့သည်ဟု ဆိုသည်။ အာဏာပိုင်များက ဤပြောကြားချက်များသည် အလွန်ထိရှလွယ်ပြီး ပြည်သူ့အေးချမ်းသာယာရေးနှင့် ဆက်စပ်နေနိုင်သည်ဟု ယူဆခဲ့ကြသည်။
တွေ့ရှိချက်များအပေါ် အခြေခံ၍ ကာရှစ်ဖ်အား ပြည်နှင်ဒဏ်ပေးရန် အမိန့်ကို အီတလီ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စုစည်းဥပဒေ (Consolidated Law on Immigration) ပုဒ်မ ၄၊ အပိုဒ် ၃ အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်သည် ပြည်သူ့ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆရသူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများအပါအဝင် ပြင်းထန်သော ပြစ်မှုများတွင် ပါဝင်ပတ်သက်နေသူ နိုင်ငံခြားသားများကို ဖယ်ရှားခွင့်ပြုထားသည်။
ထို့အပြင် ကာရှစ်ဖ်သည် အီတလီတွင် တရားဝင်နေထိုင်ခွင့်လက်မှတ် (Resident Permit) မရှိကြောင်းနှင့် ၎င်း၏ နေထိုင်ခွင့်သက်တမ်းတိုးရန် လျှောက်ထားမှုကိုလည်း ငြင်းပယ်ခံထားရကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအချက်က ၎င်းအား ဖယ်ရှားရန် ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေခဲ့သည်။
အမိန့်ထုတ်ပြန်ပြီးနောက် ကာရှစ်ဖ်အား လူဝင်မှုကြီးကြပ်ရေးအရာရှိများက မီလန် Malpensa လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ပြီး ဘန်ကောက်မြို့တွင် တစ်ထောက်နားကာ အစ္စလာမ္မာဘတ်သို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တင်ဆောင်ပေးခဲ့သည်။
ဤပြည်နှင်ဒဏ်ပေးမှုသည် အထူးသဖြင့် ထိရှလွယ်သော လူမှုရေး သို့မဟုတ် ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အီတလီနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဘေးကင်းရေးဥပဒေများကို တင်းကျပ်စွာ ကျင့်သုံးမှုကို မီးမောင်းထိုးပြနေသည်။
အီတလီမီဒီယာများ၏ ဖော်ပြချက်အရ ဤအမှုသည် နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ လွှတ်တော်အမတ်များနှင့် တာဝန်ရှိသူများက အဓမ္မလက်ထပ်ခိုင်းခြင်းနှင့် ဘာသာရေးအယူဝါဒများကို အစွန်းရောက်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းများအပေါ် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ လက်ရှိ အုပ်ချုပ်နေသော နိုင်ငံရေးဦးဆောင်မှုအဖွဲ့ကလည်း အီတလီဥပဒေနှင့် လူမှုစံနှုန်းများနှင့် မကိုက်ညီဟု ယူဆရသည့် လုပ်ရပ်များကို ပစ်မှတ်ထားသည့် ပိုမိုတင်းကျပ်သော အစီအမံများကို ထောက်ခံကြောင်း အရိပ်အယောင်ပြသခဲ့သည်။
အဆိုပါ ရုပ်သံထုတ်လွှင့်မှုနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်နေသော ဥပဒေကြောင်းအရ အရေးယူမှုများရှိမရှိ အသေးစိတ်ကိုမူ အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသေးပေ။
Ref: India Tribune
