MT News

Written by Ye Kyaw

တရုတ်-မြန်မာနှစ်နိုင်ငံ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများတို့အကြား ဆက်လက်ရိုးသားစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဖွင့်လှစ်ခြင်း နှစ်နှစ်ပြည့်နှင့် ပညာတော်သင်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရေးအတွက် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအကြား ဆက်လက်ရိုးသားစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးစီးပွားအတွက် အကျိုးထမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း တရုတ်သံအမတ် Mr. Chen Hai က ပြောသည်။

Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲမှ ပညာတော်သင်ဆု ဆွတ်ခူးရရှိခဲ့သည့် ရန်ကုန်တက္ကသိုလ်မှ လူငယ်ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားသင်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-မြန်မာချစ်ကြည်ရေးအတွက် လူရည်ချွန်များဖြစ်လာစေရန် မျှော်လင့်ကြောင်း တရုတ်သံအမတ် Mr. Chen Hai က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းပေါင်း ၅၈၀ ကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂ ဘီလျံခန့်အထိရှိသည်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၃ ရာခိုင်နှုန်းကျော်အထိရှိကြောင်း သိရသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်ရာတွင် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လစာတရားဝင်စာရင်းများအရ မြန်မာဘက်တွင် ဒေါ်လာ ၆ ဘီလျံကျော်သာ စာရင်းရှိသော်လည်း တရုတ်နိုင်ငံ၏ တရားဝင်ကုန်သွယ်မှုစာရင်းများတွင် ဒေါ်လာ ၁၇ ဘီလျံခန့်ရှိကာ ဒေါ်လာ ၁၁ ဘီလျံနီးပါး ကွာဟနေသည်ဟု အမေရိကန်အထောက်ပံ့မှုဖြင့် တရုတ်-မြန်မာဆက်ဆံရေးအပေါ် ဝေဖန်စောင့်ကြည့်မှုပြုလုပ်သော ISP Myanmar ၏ သုတေသနတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News