


နေမိုး
၂၉. ၄. ၂၀၂၆
ပြည်သူတို့၏ ရွေးကောက်ခံရပြီးနောက် ဒုတိယသမ္မတတာဝန်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်သွားသည့်ကိုယ်စားလှယ်များ၏နေရာတွင် အစားထိုးရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ကြေညာသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၃၂ အရ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြုစနစ်မဲဆန္ဒနယ်များမှ လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များနေရာ၌ သက်ဆိုင်ရာ နိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်းတင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ဦးစားပေးအစီအစဉ်အရ ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် ( ၁ ) မှ ကိုယ်စားလှယ်အမှတ် ၂ အဖြစ်ရွေးကောက်ခံရပြီးနောက် ဒုတိယသမ္မတဖြစ်သွားသည့် ဒေါ်နန်းနီနီအေး၏ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်မြင့်သိန်း ကိုလည်းကောင်း၊ ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် ( ၁ ) မှ ကိုယ်စားလှယ် အမှတ် (၂) နေရာ ရွေးကောက်ခံရပြီးနောက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သွားသည့် ဦးထင်ကျော်သူ၏ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ပြည့်ဖြိုး ကိုလည်းကောင်း အစားထိုး ဖြည့်စွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၃၂ အရ ဧရာဝတီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် အစိုးရအဖွဲ့တွင် ပါဝင်သွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အမှတ်(၇) ဦးမြင့်ကြိုင် အစား သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်းတင်ပြထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် ဦးစားပေးအစီအစဉ်အရ ဦးပြုံးချိုအား အစားထိုး ဖြည့်စွက်ကြောင်း ကြေညာခဲ့သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစားထိုးမှုလည်း ပြုလုပ်ခဲ့သည်။ ထို အစားထိုးမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၁၁ – ၂ – ၂၀၂၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃၅ /၂၀၂၆ ) တွင် ဖော်ပြထားသည့် ဗိုလ်မှူးကြီးသိန်းဇော်မြင့်အစား ဗိုလ်မှူးကြီးရန်ကြီးအောင်အား အစားထိုး ဖြည့်စွက်ခဲ့ကြောင်း သိရသည်။
