


၂၉.၄.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြိုပြင်တွင် ဧပြီလ ၂၇ ရက် ညနှောင်းပိုင်းကဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၁၆ ဦးအထိ မြင့်တက်လာပြီး အားလုံးမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ ၉၀ ဦးခန့် ရှိကြောင်း တာဝန်ရှိသူများက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့ကြသည်။
ဧပြီလ ၂၇ ရက် ညနှောင်းပိုင်းတွင် Bekasi Timur ဘူတာအနီးရှိ ရပ်နေသော ခရီးသည်တင်ရထားတွဲ၏ နောက်ဆုံးတွဲ ဖြစ်သော အမျိုးသမီးသီးသန့်ရထားတွဲကို အဝေးပြေးရထားတစ်စင်းက ဝင်တိုက်မိခဲ့ပြီး ပျက်စီးနေသော တွဲများအကြား ၁၂ နာရီနီးပါး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။
ဂျကာတာရဲတပ်ဖွဲပြောရေးဆိုခွင့်ရှိသူ ဘူဒီ ဟာမန်တို က ဧပြီလ ၂၉ ရက် မနက်ပိုင်းတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ခြင်းဟု AFP သို့ူ ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်တွင် လူ ၉၀ ဒဏ်ရာရရှိခဲ့ကြောင်း ဘူဒီက ပြောကြားခဲ့သည်။ ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ၄၄ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက သေဆုံးသူအားလုံးသည် အမျိုးသမီးများ ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ကားရထားလမ်းဆုံတစ်ခုအနီး အငှားကားတစ်စီးပါ ပါဝင်ပတ်သက်နေသည့် အဆိုပါ ရထားတိုက်မှုတွင် အငှားကားသည် ဂျာကာတာ၏ အိမ်နီးချင်းမြို Bekasi ရှိ ကျဉ်းမြောင်းသော ချိုင့်ဝှမ်းလမ်း Jalan Ampera တစ်လျှောက် ရထားလမ်းကို ဖြတ်ကူးနေစဉ် စက်ပျက်ပြီး ရထားလမ်းပေါ်တွင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ် အနီးနားရှိ East Bekasi ဘူတာသို ချဉ်းကပ်လာသော အဝေးပြေးရထားတစ်စီးက ကားကို ဝင်တိုက်မိခဲ့ကာ ထိုမှ ခရီးသည်တင်ရထား၏ နောက်ဆုံးတွဲကို ဆက်၍ တိုက်မိခဲ့ခြင်းလည်းဖြစ်သည်။
Ref- AFP
