



၂၉.၄.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဧပြီလ ၂၉ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က နေအိမ်အလုံး ၇၀ မီးလောင်ခဲ့ရာ မီးဘေးသင့်သူ ၃၄၀ ကျော်အတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။
နေအိမ်တစ်လုံး၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဘေးတွင်ကာရံထားသော ထရံသို့ မီးကူးစက်ရာမှ ဓနိမိုး ၊ ဓနိကာ၊ ဝါးကြမ်းခင်း ၂၈ လုံး၊ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း ၃၇ လုံး၊ သွပ်မိုး၊ အုတ်ကာ ၊ ကွန်ကရစ်ခင်း ၅ လုံး စုစုပေါင်း နေအိမ် အလုံး ၇၀ မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် အိမ်ထောင်စု အစု ၇၀၊ အမျိုးသား ၁၆၂ ဦး၊ အမျိုးသမီး ၁၈၅ ဦး စုစုပေါင်း ၃၄၇ ဦး မီးဘေးသင့်ခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
“မီးဖိုးမီးကနေ စဖြစ်တာပါ။ လောင်စာအားကောင်းတဲ့ အပြင် အိမ်တွေကလည်း နီးကပ်နေတော့ မီးလောင်တာမြန်ပြီး ဘာမှ သယ်ချိန်မရလိုက်ဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။
နေအိမ်များ မီးလောင်မှုကို ဖျာပုံခရိုင် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကျုံကဒွန်း နယ်မြေ မီးသတ် စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
လူနေအိမ် ၇၀ ကျော်မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဒေါ်ထားထားကို ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်း နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မီးဘေးသင့်သူ ၃၄၀ ကျော်မှာ လတ်တလောတွင် ချောင်းဝကျေးရွာရှိ သာသနာ့တံခွန် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယာယီခိုလှုံနေထိုင်လျက်ရှိပြီး အဝတ်ထည် ၊ အစားသောက် ငွေသားအကူအညီများ လိုအပ်နေသဖြင့် ကိုဟန်ထူးအောင် 09 750 276 276 ၊ကိုကျော်စိုးမိုး 09 452 222 527တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၈ ရက် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပကိတ်ကြီးကျေးရွာတွင် နေအိမ်မီးဖိုမီးကြွင်းမီးကျန်ကြောင့် လူနေအိမ် ၂၆ လုံး၊ ဂိုဒေါင် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
