


MT News
၃၀. ၄. ၂၀၂၆
နိုင်ငံတော်သမ္မတသစ်ဦးမင်းအောင်လှိုင်၏ အစိုးရလက်ထက်တွင် ပထမဆုံးအဖြစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် အကျဥ်းသား ၄၅၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ယနေ့ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်း နိုင်ငံခြားသား အကျဥ်းသား ၁၁ ဦးအပါအဝင် အကျဥ်းသား ၁၅၁၉ ဦးကို လွတ်ငြိမ်းခွင့်ပေးသည့်အပြင် ကျန်ရှိအကျဥ်းသားများကိုလည်း ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အလားတူ အကျဉ်းထောင် / အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသားအကျဉ်းသား / သူ ၁၁ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု သိရသည်။
ထိုသို့ လွတ်ငြိမ်းသက်သာခွင့်ပေးမှုအပြင် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ဝ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရှိရသည်။
