

နေမိုး
၃၀. ၄. ၂၀၂၆
မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် တပ်မတော်သားတစ်ဦးပါဝင်ရမည်ဆိုသည့် အချက်ကို ယနေ့တွင် ပြင်ဆင် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်နှင့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်တို့တွင် အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းရန်ညွှန်ကြားခဲ့ပြီး ထိုခုနစ်ဦးတွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးပါဝင်ရမည်ဟူသော အချက်ကို ယနေ့ ဧပြီ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၂၆ နှင့် ၂/၂၀၂၆ တို့ဖြင့် ပယ်ဖျက်လိုက်ပြီး အဖွဲ့ဝင်ခြောက်ဦးဖြင့်သာ ဖွဲ့စည်းရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ထုတ်ပြန်သည့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၄/၂ဝ၂၅ ၏ အပိုဒ် ၁၁ အား အစားထိုးရာတွင် “၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်” ဟု ညွှန်ကြားခဲ့ပြီး ဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့ပါဝင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးကအတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ်သည်။
အလားတူ ခရိုင်ဆိုင်ရာညွန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်အရ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၃/၂ဝ၂၅ ၏ အပိုဒ် ၁၁ အား အစားထိုးရာတွင် “၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်” ဟု ညွှန်ကြားခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့ပါဝင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးကအတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။
