သက်တံ့
၂၉. ၄. ၂၀၂၆
မန္တလေးငလျင်ကြီး၏ ၂၉၇ ကြိမ်မြောက် နောက်ဆက်တွဲငလျင်တစ်ခု ယနေ့ နေ့လယ်ပိုင်းအချိန် လှုပ်ခတ်သွားခဲ့ပြီး လှုပ်ခတ်သည့်ငလျင်မှာ အင်အားနည်းသော်လည်း ဇောက်တိမ်လွန်းသဖြင့် လှုပ်ခတ်မှုပြင်းထန်၍ ပြည်သူများ ထိတ်လန့်ခဲ့ကြရသည်။
ဖြစ်စဥ်မှာ ယနေ့ နေ့လယ် ၃ နာရီ မိနစ် ၂၀ ကျော်အချိန်က မန္တလေးငလျင်ကြီး၏ ၂၉၇ ကြိမ်မြောက် နောက်ဆက်တွဲငလျင်တစ်ခုမှာ အောင်မြေသာဇံမြို့နယ်၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို အနက် ၅ ကီလိုမီတာမှ အင်အား ၃ ဒသမ ၄ အဆင့်ဖြင့် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
အင်အား ၃ ဒသမ ၄ မှာ အင်အားနည်းပါးသည့်ငလျင်တစ်ခုဖြစ်သော်လည်း လှုပ်ခတ်သည့်အနက်မှာ မြေအောက် ၃ ဒသမ ၁ မိုင်ခန့်ကဖြစ်သဖြင့် ငလျင်မှာ တော်လည်းသံနှင့်အတူ အင်အားပြင်းထန်ခဲ့ခြင်းဖြစ်သည်။
“ဝေါခနဲ အသံကြီးနဲ့ သိသိသာသာ တစ်ချက်လှုပ်သွားတာ။ လန့်ပြီးဆင်းပြေးကြပေမဲ့ တစ်ချက်ပဲဆိုတော့ တော်သေးတာပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လူ ၄၀၀၀ နီးပါးသေဆုံးခဲ့ရသည့်အပြင် အိမ်ပေါင်း ၅၀၀၀၀ ကျော်ပျက်စီးကာ နိုင်ငံပိုင်အဆောက်အအုံ ထောင်ပေါင်းများစွာဆုံးရှုံးခဲ့သဖြင့် အမေရိကန်ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးခဲ့ရသည်။
