သက်တံ့
၂၉. ၄. ၂၀၂၆
ယူဂန်ဒါနိုင်ငံအာဏာပိုင်များသည် လူကုန်ကူးမှုနှင့် ဆိုင်ဘာရာဇဝတ်မှုများဟု သံသယရှိသော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင် ဝင်ရောက်နေထိုင်မှုများအား နှိမ်နင်းရာတွင် နိုင်ဂျီးရီးယားနိုင်ငံသား ၆၂ ဦးအပြင် မြန်မာနိုင်ငံသားများအပါအဝင် အခြားနိုင်ငံသား ၁၆၉ ဦး စုစုပေါင်း ၂၃၁ ဦးတို့ကို ဖမ်းဆီးလိုက်သည်။
ပြီးခဲ့သည့် တနင်္လာနေ့တွင် စတင်ခဲ့သော အဆိုပါဖမ်းဆီးမှုများသည် ယူဂန်ဒါမြောက်ပိုင်းတွင် နေထိုင်သည့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်စုနှင့် ကမ်ပါလာ (Kampala) မြို့ရှိ ကန့်သတ်ဇုန်အတွင်းရှိ အဆောက်အအုံတစ်ခုတွင် နေထိုင်သော အခြားနိုင်ငံခြားသားတစ်စုတို့ကို ပစ်မှတ်ထားသည့် လုံခြုံရေးစစ်ဆင်ရေးများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း Los Angeles Times သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများထဲတွင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂါနာ၊ မြန်မာ၊ အီသီယိုးပီးယား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများ ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
စစ်ဆင်ရေးအတွင်း သံသယရှိသူအများအပြားမှာ နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် တရားဝင်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ခြင်း မရှိကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ်ပါလာမြို့ရှိ အဆောက်အအုံဝင်းအတွင်း အမျိုးသမီး ၃၆ ဦး အပါအဝင် စုစုပေါင်း ၁၆၉ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က သီးခြားပြုလုပ်သော စစ်ဆင်ရေးတစ်ခုတွင် နိုင်ဂျီးရီးယားနိုင်ငံသား ၆၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ယူဂန်ဒါအာဏာပိုင်များက ပြောကြားသည်။ အဆိုပါ ပုဂ္ဂိုလ်များသည် တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ လုပ်ငန်းများ လုပ်ကိုင်နေပြီး ဘုရားကျောင်းတစ်ခု ဖွင့်လှစ်ထားခြင်း အပါအဝင် အခြားသော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည်။
ဝန်ကြီးဌာနက အဆိုပါ အဆောက်အအုံကို “သွားလာမှုများကို ကန့်သတ်ရန် ဒီဇိုင်းထုတ်ထားသည့် ကိုယ်ပိုင်စားသောက်ဆိုင်နှင့် အတွင်းပိုင်း အထောက်အကူပြု ပစ္စည်းများ အစုံအလင်ပါဝင်သော အထူးကန့်သတ်ထားသည့် ကိုယ်ပိုင်တိုက်ခန်းတွဲ အဆောက်အအုံ” ဟု ဖော်ပြထားသည်။
နိုင်ငံခြားသား အုပ်စုအများအပြားမှာ လိုအပ်သော ခွင့်ပြုချက်များမရှိဘဲ ယူဂန်ဒါတွင် နေထိုင် သို့မဟုတ် အလုပ်လုပ်ကိုင်နေကြောင်း ထောက်လှမ်းရေးသတင်းအရ ယခုကဲ့သို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ဆိုသည်။
“အချို့သော ပုဂ္ဂိုလ်တွေက သူတို့ဟာ အလုပ်အကိုင်ရမယ်ဆိုတဲ့ ကတိတွေနဲ့ ယူဂန်ဒါကို လူကုန်ကူးခံခဲ့ရတာလို့ ပြောဆိုနေကြပါတယ်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျန်တဲ့သူတွေကတော့ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားတဲ့ (Cyber-scamming) လုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။ အချို့သူတွေဆီမှာတော့ အခြားသော ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေနိုင်တဲ့ သက်သေခံပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်”ဟု ဆက်လက်ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Simon Peter Mundeyi က လူကုန်ကူးခံရသည့် သားကောင်ဖြစ်နိုင်သူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများကို မိမိတို့ကိုယ်ပိုင် လေယာဉ်လက်မှတ်ဝယ်ယူပြီးနောက် ယူဂန်ဒါနိုင်ငံမှ ထွက်ခွာနိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း လူကုန်ကူးမှုတွင် ပါဝင်သည့် ခေါင်းဆောင်များကိုမူ တရားစွဲဆိုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : SR
