၂၉.၄.၂၀၂၆
Written By Thandar
နာမည်ကြီး အနုပညာရှင်တွေပါဝင်လာတဲ့ FOE Fittest on Earth Season (3) ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကြီးကို ဧပြီလ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံကြီးမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့က ဒီပြိုင်ပွဲကိုတော့ ပထမ ပြိုင်ဖို့မရှိခဲ့ပါဘူး။ ကေကို နောက်ကနေ ထောက်ပံ့ပေးနေတဲ့ ကောင်လေးက သွားပြိုင်ဖို့ ခွန်အားပေးလို့ သွားပြိုင်ဖြစ်ခဲ့တာပါ။ ပြိုင်ပွဲဆိုတော့ အလျှော့ပေးပြိုင်ခဲ့တာ မရှိပါဘူး။ မရတော့လို့သာ လက်လျော့ရတာပဲ ရှိတာပါ။ အကုန်လုံးပဲ ကျော်လွန်နိုင်အောင်တော့ ကြိုးစားခဲ့ရတယ်။ တချို့ တော်တော် ခက်ခဲခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ FOE ကတော့ အမျိုးအစားစုံလင်တာရော ဦးနှောက်နဲ့ အသုံးပြုရတဲ့ ဂိမ်းတွေပါတော့ မိန်းကလေးလည်းဖြစ်လို့ ပိုခက်ခဲရပါတယ်။ ပြုတ်ကျတဲ့အခန်းတွေလည်း ခဏခဏ ပြုတ်ကျခဲ့တာတောင်ရှိတယ်။ စိတ်ဖိစီးမှုတွေရှိခဲ့တယ်။ တကယ်လို့ ပြိုင်ဦးမလားဆိုရင် ထပ်ပြိုင်ဦးမှာပါ”လို့ ပြိုင်ပွဲဝင် လှကေခိုင်က ပြောပါတယ်။
အဆိုပါ FOE season 3 မှာ FOE ဘက်မှ စိစစ်ရွေးချယ်ထားတဲ့ အနုပညာရှင်နဲ့ အားကာစားကျွမ်းကျင် လက်ရွေးစင် ၁၂ ယောက်ပါဝင်ပြီး Open Audition က ၆ ယောက် ပါဝင်တဲ့ စုစုပေါင်းအဖွဲ့ဝင် (၁၈) ယောက်နဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေအနေနဲ့ Henry San၊ Kel Kel၊ Doom၊ လှကေခိုင်၊ ထက်ဦးထွဋ်၊ ရှင်ယွန်းမြတ်၊ ကောင်းစည်သူ၊ အေးမြတ်၊ သက်ပိုင်ဦး၊ ဇင်ဇင်ဇော်မြင့်၊ ဝေယံ၊ မီမီအောင်မိုး၊ အောင်ကျော်ထွန်း၊ ယုဝါ၊ ပိုင်စိုးထွန်း၊ သုတဇော်၊ သင်ဇာဝင့်ကျော်နဲ့ ကျော်ထက်အောင်တို့ ပါဝင်ခဲ့ပြီးတော့ ဖေဖော်ဝါရီလက စတင်ရိုက်ကူးမှုတွေလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ Challenge 1 နဲ့ Finale Challenge မှာ သရုပ်ဆောင် Tyron၊ Yoga Challenge မှာ သရုပ်ဆောင် ပိုးမမှီသာ၊ မစနိုး၊ ဝမှုး၊ ခင်သဇင်၊ စိုင်းစည်တွမ်ခမ်း၊ ထွန်းထွန်းနဲ့ ကိုမောင်မောင်သန့်တို့လည်း ပါဝင်အားဖြည့် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
FOE Fittest on Earth Season 3 မှာက Episode 12 ခုပါဝင်မှာဖြစ်ပြီးတော့ ဒီအစီအစဉ်ကို မေလ ၃ ရက်က စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၈ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#ကျော်ထက်ဇော် #ဟင်နရီစံ #ဇင်ဇင်ဇော်မြင့် #သင်ဇာဝင့်ကျော် #ရှင်ယွန်းမြတ် #ShinYoonMyat #KyawHtetZaw #ZinZinZawMyint #ThinzarWintKyaw #FOE #FOEseason3 #ThinZarWintKyaw
#FOEFittestonEarthSeason3







