April 30, 2024

MT News

အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျှက် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့ပါတီက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာသည်။

ပြည်သူ့ပါတီသည် ၁၉၈၈ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော အင်အားစုများ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော မျိုးဆက်အသီးသီးနှင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပူးပေါင်းပါဝင်လိုကြသည့် လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်သော နိုင်ငံရေးပါတီဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် တစ်ပါတီစနစ်ကို ချုပ်ငြိမ်းစေခဲ့ပြီး ဗဟုဝါဒ(ပါတီစုံဒီမိုကရေစီ)ကို ဦးတည်နိုင်ခဲ့သည့်အပြင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှသည် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်နိုင်ခဲ့သည်။

၃၅နှစ်ကြာ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ နောက်ပြန်လျှောကျခဲ့ရခြင်းသည် နိုင်ငံရေးနည်းလမ်းက မှားယွင်းခြင်းကြောင့် မဟုတ်ဘဲ ဘက်အသီးသီးမှ နိုင်ငံရေးဦးဆောင်သူများ၏ ဆုံးဖြတ်ချက်မှားယွင်းခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သည်ဟု ပြည်သူ့ပါတီက ကြေညာသည်။

ယနေ့အချိန်သည် ဒီမိုကရေစီရေးတွင် ပြဿနာဖြစ်စေသော အရပ်ဘက်-စစ်ဘက် ပဋိပက္ခ၊ ဖက်ဒရယ်ရေး ပြဿနာဖြစ်သော တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည့်တို့ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် စိန်ခေါ်မှု အပြင်းထန်ဆုံးကာလပင် ဖြစ်သည်။ နိုင်ငံရေးအရ ဖမ်းဆီးခံရမှုများ၊ သေကြေပျက်စီးမှုများ၊ မီးရှို့ဖျက်ဆီးခံနေရသည့် မြို့ရွာမြင်ကွင်းများ၊ သန်းနှင့်ချီလာသော စစ်ဘေးရှောင်ဒုက္ခသည်များ၊ ဘက်အသီးသီးမှ အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကြောင့် လုံခြုံမှု ကင်းမဲ့လာခြင်းများက နေ့စဉ်နှင့်အမျှ မြင်တွေ့ နေရသည်။

ထို့ပြင် ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဒုက္ခအဝဝအပြင် လက်နက်ကိုင် ပဋိပက္ခများ၏ အနိဋ္ဌာရုံများကြောင့် ပြည်ပထွက်ခွာကြသည့် လူသားအရင်းအမြစ် များပြားလှသကဲ့သို့ ပြည်တွင်း ကျန်ရစ်သူများ ခံစားနေရသည့် အခက်အခဲမှာလည်း ကြီးမားလှသည်။ နိုင်ငံတော်၏ နိုင်ငံရေးပြဿနာအဝဝကို ဖြေရှင်းနိုင်ရန်မှာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးအပေါ်တွင် တစိုက်မတ်မတ် ခိုင်ခိုင်မာမာရပ်တည်မည့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိရန် လိုအပ်သည်ဟု ယုံကြည်သည်။ ပြည်သူ့ပါတီသည် အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျှက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်သည်ဟု ပြည်သူ့ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *