MT News
၂၇. ၄. ၂၀၂၆
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုထားသည့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၇ မျိုးကို ဧပြီ ၃၀ ရက်တွင် စတင် ထုတ်ဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုထားသည့် ဓာတ်ပုံဒီဇိုင်း ဦးအောင်ဇော်မြတ်(ကျော့သီသ) ဒီဇိုင်းရေးဆွဲထားသော ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၇ မျိုးကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ နံနက် ၉ နာရီခွဲမှစတင်၍ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိမဟာမင်္ဂလာအခမ်းအနား၏ အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်နှင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့တွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဧပြီ ၃၀ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
