



၂၇.၄.၂၀၂၆.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ္တာပရာဒက်ရှ်ပြည်နယ်၊ ဘူလန်ရှာခရိုင်ရှိ RJS Fitness Gym ကျန်းမာရေး လေ့ကျင့်မှု အားကစားရုံအတွင်း ကျင်းပသော မွေးနေ့ပါတီပွဲတစ်ခု၌ ပြင်းထန်စွာအငြင်းပွားမှုတစ်ရပ် ဖြစ်ပွားပြီးနောက် ပစ်ခတ်မှု ဧပြီလ ၂၅ ရက် ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ရာ ဒေသန္တရ အုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး၏ မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အတ္တာပရာဒက်ရှ်ပြည်နယ်အတွင်း ဆူဘက်ရှ်မာ့ဂ် လမ်းပေါ်ရှိ အဆိုပါအားကစားရုံ၌ မွေးနေ့ပါတီပွဲကို အသက် ၃၃ နှစ်အရွယ် အားကစားရုံလုပ်ငန်းရှင် ဂျီတူး ဆေနီ (Jeetu Saini) က ကျင်းပခဲ့ခြင်းဟု သိရသည်။
မွေးနေ့ပွဲကျင်းပနေစဉ် ည ၁၁ နာရီခန့်တွင် ဂျီတူးနှင့် ရပ်ကွက် (၂၄) အုပ်ချုပ်ရေးကောင်စီဝင် ဆန်ဂျေး ဆေနီ (Sanjay Saini) ၏ ညီအစ်ကိုဝမ်းကွဲတော်သူ အသက် ၃၅ နှစ်ရှိ အမာဒိ (Amardeep) (၃၅ နှစ်) တို့အကြား အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူငယ်အများအပြား စုဝေးလာခဲ့ကြသည်။ ထိုအငြင်းပွားမှုတွင် ရိုင်းစိုင်းသော စကားလုံးများဖြင့် ပုတ်ခတ်ပြောကြားကြကာ အခြေအနေပိုမိုဆိုးရွားလာပြီး အမာဒိ၏ ညီဖြစ်သူ အသက် ၃၂ နှစ်ရှိ မာနစ်ရှ် (Manish) လည်း ရန်ပွဲတွင် ပါဝင်လာခဲ့သည်။
ထို့နောက်တွင် ဂျီတူးက အားကစားရုံမှ ထွက်ခွာပြီး လိုင်စင်ရ ပစ္စတိုတစ်လက်ဖြင့် ပြန်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းက အမာဒိနှင့် မာနစ်ရှ်တို့ကို အနီးကပ်ပစ်ခတ်ခဲ့ကာ ဆန်ဂျေး ဆေနီ၏တူဖြစ်သူ အသက် ၁၉ နှစ်အရွယ် အကတ်ရှ်ကိုလည်း ထွက်ပြေးရန်ကြိုးစားစဉ် လိုက်လံဖမ်းဆီးပြီး ဦးခေါင်းတွင် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်ခံရသူသုံးဦးစလုံးမှာ အချင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။
ပစ်ခတ်မှုများကြောင့် အားကစားရုံအတွင်းထိတ်လန့်တုန်လှုပ်ခဲ့ကြကာ မွေးနေ့ပွဲပျော်ရွှင်နေသူများမှာ လည်း အားကစားပစ္စည်းကိရိယာများနောက်သို့ ထိတ်လန့်ပုန်းအောင်းခဲ့ကြရသည်။ တရားခံ ဂျီတူးကသက်သေအထောက်အထားများကို ဖျက်ဆီးရန် CCTV DVR ကို ဖယ်ရှားလိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပထမရှေးဦး သတင်းအချက်အလက်အစီရင်ခံစာကိုမတင်သွင်းသေးသော်လည်း ဒုတိယစစ်ဆေးရေးမှူး ချုပ် အပါအဝင် အကြီးတန်းအရာရှိများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ကာ ကျေးလက်ရဲတပ်ဖွဲ့ (SP) မှ ရဲမှူးကြီး အန်တရစ် ဂျိန်း (Antriksh Jain) က တရားခံကို လိုက်လံရှာဖွေရန် အဖွဲ့များ ဖွဲ့စည်းခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးမှုတွင်အရက်ပုလင်းများနှင့် စီးကရက်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ “မွေးနေ့ အငြင်းပွားမှုဟာ ချက်ချင်းဖြစ်ပွားရတဲ့ အကြောင်းရင်းဖြစ်ပုံရပေမယ့် တိကျတဲ့ ရည်ရွယ်ချက်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ တရားခံကို ဖမ်းဆီးပြီး ဖြစ်ရပ်တွေရဲ့ အစီအစဉ်ကို ဖော်ထုတ်ဖို့ အဖွဲ့ခြောက်ဖွဲ့ ဖွဲ့စည်းထားပါတယ်” ဟု ရဲအရာရှိတစ်ဦက ပြောကြားခဲ့သည်။
သေဆုံးသူများမှာ မိသားစု၏ အဓိကဝင်ငွေရှာဖွေသူများဖြစ်ကြောင်း၊ မာနစ်ရှ် မှာ နှစ်နှစ်အရွယ် သမီး တစ်ယောက် ကျန်ရစ်ခဲ့ပြီး အမာဒိတွင် ငါးနှစ်အရွယ် သားတစ်ယောက်နှင့် ကလေးငယ်တစ်ယောက် ကျန်ရစ်ခဲ့ကြောင်း၊ အကတ်ရှ် ကမူ အလုပ်ရှာနေသူဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်ကလည်း မိသားစုဝင်တစ်ယောက် ဆုံးရှုံးခဲ့ရကြောင်း ဆန်ဂျေး ဆေနီက ပြောကြားခဲ့သည်။
လူ ၁၅ ဦးကျော်ကို မေးမြန်းစစ်ဆေးရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အနီးအနားရှိ CCTV မှတ်တမ်းများကို စစ်ဆေးနေကြောင်းလည်း သိရသည်။
Ref-Hindustan Times
