မီးလောင်ကျွမ်းတက္ကစီယာဥ်အား မီးငြှိမ်းသတ်နေမှုမြင်ကွင်း (ဓာတ်ပုံ- ရွှေရောင်တွဲလက်များ)

MT News

Written by Heymar

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သစ္စာလမ်းမကြီးဘေးတွင် ဖွင့်လှစ်ထားသည့် ပိုးထည်တိုက် ခြံစည်းရိုးကို တက္ကစီတစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားကာ တိုက်သည့် တက္ကစီယာဥ် မီးလောင်ပြီး ယာဥ်ပေါ်ပါလာသူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု ဖေဖော်ဝါရီလ ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်မိသည့် တက္ကစီယာဥ်မှာ CNG တပ်ဆင်ထားသည့် မော်တော်ယာဥ်အမျိုးအစားဖြစ်ပြီး ၊ ယာဥ်မောင်းနှင်သူမှာ နေရာတွင် မီးလောင်ကျွမ်းသေဆုံးခဲ့ကာ ယာဥ်မောင်းဘေးမှ စီးနင်းလိုက်ပါသူ အမျိုးသားမှာ ခြေ လက် ပြတ်တောက်ဒဏ်ရာများရရှိကာ အနီရောင်အဆင့် လူနာအဖြစ် သတ်မှတ်၍ သင်္ကကျွန်းဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ရကြောင်း သိရသည်။

“တက္ကစီက ဘာလို့ ပိုးထည်တိုက်ထဲ ဝင်သွားလဲတော့ ဖြစ်စဥ်သေချာ မသိလိုက်ပါဘူး။ ကျွန်တော်တို့ အသင်းက မီးလောင်ကျွမ်းနေတဲ့ သေဆုံးသူ ခန္ဓာကိုယ်ကို ကားထဲကနေ အတော်ခဲရာခဲဆစ် သယ်ထုတ်လိုက်ရပါတယ်။ မျှဝေခံစားတွဲလက်များအဖွဲ့ကတော့ ဒဏ်ရာရနေတဲ့ လူနာကို သူတို့အသင်းက ယာဥ်နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို တင်ပို့ပါတယ်”ဟု ပါဝင်ကူညီခဲ့သူ ရွှေရောင်တွဲလက်များ ပရဟိတ အသင်းမှ ဥက္ကဋ္ဌ ကိုညွှန့်စိုးက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါဖြစ်စဥ်ကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကလည်း” ရဲစခန်းရှေ့တည့်တည့်ပဲ။ ပိုးထည်တိုက်အိမ်ရှေ့ခြံစည်းရိုးမှာ ကပ်လောင်နေတာ။ ကားလမ်းမပေါ်လည်း မီးအစက်တွေ တစ်တန်းကြီးကျပြီး လောင်နေတာ။

ကိုယ်တွေ ကားက တစ်ဖက်ယာဉ်ကြောက မောင်းတာ။အဝေးက မြင်တာ အမှိုက်မီးရှို့တယ်ထင်တာ။ အနားရောက်မှ မီးတွေလောင်မှန်းသိတယ်။ ဘယ်သူမှလည်း မသိကြဘူး။ ကားမောင်းဟွန်းတီးရင်း အော်လာခဲ့သေးတယ်။ မီးတွေလောင်နေတယ်လို့။ ရဲတစ်ယောက်က ရေသန့်ပုံးကြီးကိုင်ပြေးလာတာ မြင်လိုက်သေး။ ကိုယ်လည်း ဒူတွေတုန်ကော မီးမြင်တာနဲ့” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဗဟို၏ သတင်းထုတ်ပြန်ချက်အောက် မှတ်ချက်ဝင်ရောက်ရေးသားထားသည်။

ကားမီးလောင်မှုကို တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက် ည ၈ နာရီ ၃၇ မိနစ်အချိန် မီးငြိမ်းသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *