MT News
Written by Nay Aung

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ထပ်မံကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကအာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ရာ နိုင်ငံအတွင်းရှိနေရာအများအပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှု အခြေအနေဆိုးရွားလျက်ရှိနေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နေရပ်စွန့်ခွာထွက်ပြေးသူများအပါအဝင် မြန်မာနိုင်ငံရှိ လူပေါင်း ၁၇ ဒသမ ၆ သန်းကျော်သည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်လျက်ရှိနေကြောင်း ပြီးခဲ့သော ဇန်နဝါ ရီ ၂၅ရက်နေ့တွင် ကုလသမဂ္ဂကသတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သိုအခြေအနေများကြောင့် ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇ သန်း ကူညီထောက်ပံ့ထားပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုအခြေအနေများ လိုအပ်ချက်များဆက်လက်မြင့်တက်နေခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၃ သန်း ကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ထားကြောင်း အဆိုပါ အကူအညီပေးငွေများကို UNHCR, UNICEF, WFP နှင့် AHA Centre ကဲ့သိုသော နိုင်ငံတကာအဖွဲအစည်းများမှတစ်ဆင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်နေသူများကို အစားအစာ၊ ဆေးဝါးပစ္စည်းများ၊ အမိုးအကာများ၊ ရေနှင့် မိလ္လာအခြေခံအဆောက်အဦများ၊ အာဟာရမြှင့်တင့်ရေး၊ ပညာသင်ကြားခွင့်နှင့် တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်နေသူများကို ကူညီထောက်ပံ့ပေးမှုများ တက်ကြွစွာဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ref — mofa.go.jp

Leave a Reply

Your email address will not be published. Required fields are marked *