





သက်တံ့
၂၅. ၄. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ ကောလိယ (၂၄) လမ်းတွင် ဆောက်လက်စတိုက်အကြား သွပ်နန်းကြိုးအသုံးပြုကာ ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးနေသည့် ဆောက်လုပ်ရေးအလုပ်သမား အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက တွေ့ရှိ ကူညီခဲ့ကြောင်း အေးချမ်းဖြူစင် မေတ္တာရှင်လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင် အသိပေးထားသည်။
ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက် ကောလိယ(၂၄)လမ်း ဆောက်လက်စ အထပ်မြင့်တိုက် ဘေးကြား (၄)လွှာတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေသည်အား တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးမှု့ဖြင့် သွားရောက်ကူညီခဲ့ရာ သေဆုံးသူသည် အသက် ၃၀ နီးပါးခန့်ရှိ ပြီး ပြင်ပဒဏ်ရာမရှိ၊ လည်ပင်းတွင် သွပ်နန်းကြိုးအား သုံးပင်ပူးလျက် ချည်ထားပြီး သေဆုံးနေသည်အား တွေ့ရှိခဲ့ရသည့်အတွက် သေဆုံးသူ၏ Dead Body အား မြေပြင်သို့ချနိုင်ရေး၊ ရေခဲတိုက်ပို့ဆောင်ရေးများအား တာဝန်ရှိသူများနှင့်အတူ အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။
သေဆုံးသူအား PR အမှတ် ၈၆ ဖြင့် ဆေးရုံတွင်လက်ခံထားပြီး ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ် တာဝန်ရှိသူများက ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ – အေးချမ်းဖြူစင် မေတ္တာရှင်လူမှုကူညီရေးအသင်း
