သတိုး
၂၅. ၄. ၂၀၂၆
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ဖြစ်သော ပင်တဂွန်စစ်ဌာနချုပ်အဝင် ဘတ်စ်ကားမှတ်တိုင်အနီးတွင် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှု သောကြာနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ရာမှ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ပင်တဂွန် အင်အားစုအကာအကွယ်ပေးရေးအေဂျင်စီ (Pentagon Force Protection Agency) ၏ သတင်းထုတ်ပြန်ချက်အရ ဧပြီ ၂၄ ရက် နံနက် ၇ နာရီခွဲမတိုင်မီအချိန်က Omni Ride နှင့် Fairfax Connector ခရီးသည်တင်ဘတ်စ်ကားနှစ်စီး တိုက်မိခဲ့ခြင်းဖြစ်သည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူ ၁၈ ဦးကို ထပ်မံဆေးစစ်မှုများပြုလုပ်ရန် ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၅ ဦးကိုမူ အခင်းဖြစ်ပွားရာနေရာ၌ပင် ဆေးကုသပေးခဲ့သည်။ ဒဏ်ရာရရှိသူ ၂၃ ဦးအနက် ၁၀ ဦးမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ဖြစ်ကြသည်။
မတော်တဆမှုအား စုံစမ်းစစ်ဆေးနေစဉ်အတွင်း ပင်တဂွန်သို့ သွားလာရာ Metro Access Road ကို ပိတ်ထားခဲ့ရသည်။ အဆိုပါ မတော်တဆမှုကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ နာရီပေါင်းများစွာ နှောင့်နှေးကြန့်ကြာခဲ့သည်။ အခင်းဖြစ်ပွားရာရှိ ကင်မရာမှတ်တမ်းများအရ ဘတ်စ်ကားနှစ်စီး ထိပ်တိုက်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ခရိုင်မီးသတ်ဌာနက အဆိုပါယာဉ်တိုက်မှုဖြစ်ပွားကြောင်းနှင့် သွားရောက်ကူညီခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်မေးမြန်းမှုများကိုမူ ပင်တဂွန်၏ ဖက်ဒရယ်ဥပဒေစိုးမိုးရေးအေဂျင်စီထံသို့သာ လွှဲပြောင်းပေးခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Ref : AP
