
၂၅. ၄. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံများနည်းတူ ရောဂါ ၁၃ မျိုးကိုကာကွယ်သော ကာကွယ်ဆေးများကို တိုးချဲ့ထိုးနှံပေးလျက်ရှိပြီး မျိုးဆက်တိုင်းကို ကာကွယ်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ကျင်းပသည့် “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနား” တွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁၈၈၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပြီး ယခုအခါရောဂါ ၁၃ မျိုးကို ကာကွယ်သော ကာကွယ်ဆေးများကို ကမ္ဘာ့နိုင်ငံများနည်းတူ တိုးချဲ့ထိုးနှံပေးလျက်ရှိပြီး မျိုးဆက်တိုင်းကို ကာကွယ်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို ဆန်းစစ်ရာတွင် ၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းအထက် ရောက်ရှိခဲ့ပြီးဖြစ်သည့်အတွက် လွှမ်းခြုံမှုရာခိုင်နှုန်းများ ပြန်လည်တိုးတက်လာသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းပါရှိပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “For Every Generation, Vaccines Work” ဖြစ်ပြီး မြန်မာဘာသာဖြင့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” ဟု ဘာသာပြန်ဆိုထားပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
