





နေမိုး
၂၅. ၄. ၂၀၂၆
AA နဲ့ NUG ဩဇာခံ ချင်းလက်နက်ကိုင် CB က တစ်နှစ်ကြာ နယ်မြေလုယက်ထားတဲ့ ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ကို ဒီနေ့ ဧပြီ ၂၅ ရက်မှာ တပ်မတော်က အောင်မြင်စွာထိန်းချုပ်လိုက်နိုင်ပြီလို့ ကနဦး သိရပါတယ်။
တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာပဲ လက်လွှတ်ခဲ့ရတဲ့ ဖလမ်းမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အချိန်ပေးပြီး မဟာဗျူဟာမြောက်တိုက်ထုတ်နိုင်ခဲ့တာကြောင့် AA နဲ့ NUG ဩဇာခံ ချင်းလက်နက်ကိုင်တွေဟာ အသေအပျောက်များစွာနဲ့ ဖလမ်းမြို့က ဆုတ်ခွာထွက်ပြေးကုန်တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖလမ်းမြို့အပြင် ဆူရ်ဘုန်လေဆိပ်ကိုပါ ဒီနေ့မှာပဲ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀၀ ရှိတဲ့ တောင်ကုန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဖလမ်းမြို့ဟာ မြို့တော်ဟားခါးနဲ့ မိုင် ၄၀ ခန့်ပဲ ဝေးကွာသလို ဒေသအခြေစိုက်ကွပ်ကဲမှုဌာနချုပ်ရှိရာ ကလေးမြို့နဲ့ မိုင် ၇၀ ခန့်ပဲ ဝေးကွာတဲ့အပြင် ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာတည်ရှိလို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအတွက် ဗျူဟာမြောက်အရေးပါတဲ့မြို့ဖြစ်လို့ ဖလမ်းမြို့ကို ပြန်သိမ်းနိုင်တာဟာ မြို့တော်ဟားခါးကို အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုက လွတ်စေတဲ့အပြင် လက်လွှတ်ထားရတဲ့ တခြားချင်းမြို့တွေ ပြန်သိမ်းနိုင်ဖို့ပါ လမ်းကြောင်းမှန်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ဖလမ်းမြို့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့နီးကပ်စွာရှိနေသလို ရိဒ်ခေါဒါနယ်စပ်ကုန်သွယ်ရေးစခန်းကို သွားရာလမ်းဖြစ်လို့ အိန္ဒိယဘက်ကို ချင်းနဲ့ ရခိုင်လက်နက်ကိုင်တွေ မှောင်ခိုကုန်သွယ်နေတဲ့ လက်နက်တွေ မူးယစ်ဆေးလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်မှာလည်းဖြစ်ပါတယ်။
