စက်ရုံပိတ်သိမ်းခံအလုပ်သမားများ နစ်နာကြေးရရှိရန် စောင့်စားနေမှုမြင်ကွင်း (Photo- STUM)

၁. ၃. ၂၀၂၃

Written by Tha Doe

မြန်မာပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် မြန်မာပြည်ရှိ စက်ရုံများထံအပ်နှံနေသည့် အထည်ချုပ်လုပ်ငန်းများကို Primark Brand က ရပ်ဆိုင်းမည်ဖြစ်သဖြင့် ပြည်တွင်းရှိ တရုတ်အထည်ချုပ်စက်ရုံနှစ်ခု ပိတ်သိမ်းလိုက်ပြီး လူဦးရေ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အိုင်ယာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာအဝတ်အထည်နှင့် ဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သော Primark ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အဝတ်အထည်ချုပ်လုပ်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အတွင်း ကြေညာခဲ့ပြီးနောက် လက်ရှိအချိန်တွင် အမှန်တကယ်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး Primark က လုပ်ငန်းအပ်နှံထားသည့် ပြည်တွင်းရှိ စက်ရုံ ၁၇ ခုအနက် တရုတ်စက်ရုံနှစ်ခုဖြစ်သည့် ရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုန်ရှိ GTIG နှင့် Gysen အထည်ချုပ်စက်ရုံတို့ဖြစ်ကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က သတင်းထုတ်ပြန်ထားသည်။

“Primark ကို ချုပ်နေတာ အထည်ချုပ်စက်ရုံ ၁၇ ရုံရှိတယ်။ အခုတော့ သူတို့ဒီမှာမချုပ်တော့ ဒါနဲ့ရပ်တည်နေတဲ့အထည်ချုပ်တွေ စက်ရုံပိတ်ကုန်တာပေါ့။ နောက်ထပ် ကျန်နေသေးတဲ့ စက်ရုံ ၁၅ ခုထဲကလည်း အခြေအနေမကောင်းတဲ့စက်ရုံကတော့ ပိတ်သွားမှာပေါ့။ လောလောဆယ်သေချာတာကတော့ လူ ၂၅၀၀ လောက် အလုပ်လက်မဲ့ဖြစ်သွားပြီဆိုတာပဲပြောနိုင်ပါသေးတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ အထည်ချုပ်စက်ရုံနှစ်ခု ပိတ်သိမ်းရာတွင် Gysen အထည်ချုပ်စက်ရုံမှာမူ အထည်ချုပ်စက်ရုံသစ်ဖွင့်လှစ်ပါက ပိတ်သိမ်းစက်ရုံမှအလုပ်သမားများကို ဦးစားပေးစနစ်ဖြင့်ခေါ်ယူမည်ဆိုသည့်အချက်ကို စာချုပ်ချုပ်ဆိုပေးခဲ့ကြောင်း သိရသည်။

“စက်ရုံပိတ်သွားလို့ အလုပ်ရှာမရသေးတဲ့ ဝန်ထမ်းတွေဖြစ်ဖြစ် တခြားတစ်နေရာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေပဲဖြစ်ဖြစ် Primseng guo စက်ရုံမှ ပြန်ဖွင့်ခဲ့လျှင် စက်ရုံအတွင်းပြန်လည်ဝင်ရောက်လုပ်ကိုင်လိုသောဝန်ထမ်းများကို ပြန်ခေါ်ပေးရန်နှင့် GYSen စက်ရုံမှ ဝန်ထမ်း အသစ်ခေါ်ယူလျှင် Primseng guo စက်ရုံမှ ဝန်ထမ်း များကိုဦးစားပေး ခေါ်ပေးရန်သဘောတူစာချုပ်အား တောင်းဆိုကာ ချုပ်ဆိုထားပေးခဲ့ပါတယ်” ဟု Primseng Guo အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းက အသိပေးထားသည်။

Gysen အထည်ချုပ်စက်ရုံက ထိုသို့ သဘောတူညီခဲ့သော်လည်း GTIG ကမူ ထိုသို့လုပ်ဆောင်ပေးရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း၊ ထိုစက်ရုံနှစ်ခုစလုံးမှာ ပိတ်သိမ်းမည်ကို ကြိုတင်ခြင်းမရှိကြောင်း စသည်ဖြင့် STUM က ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ပြထားသည်။

“ဒီနေ့တော့ ရွှေပြည်သာရဲ့ ဝါးတစ်ရာစက်မှူဇုန်မှာ အလုပ်သမား ထောင်ကျော်ရှိတဲ့စက်ရုံ နှစ်ရုံပိတ်သိမ်းပါမယ်။ အလုပ်ထုတ်နစ်နာကြေးတွေ ထုတ်ကြရမယ်။ ထန်းခြောက်ပင်က ရွှေဆိုင်မှာ လူစည်တော့မယ်။ ဆိုင်ကယ်ဆိုင်တွေ ရှေ့မှာ လူတိုးနေမယ်။ သိပ်မကြာခင်မှာတော့ပုံမှန်အတိုင်းပြန်ဖြစ်မယ်။ ဒီနေ့ လျော်ကြေးပေးပီး စက်ရုံပိတ်တာက ဝါးတရာစက်မှူဇုန်ထဲက GTIG နဲ့ Gysen စက်ရုံပါ။ နှစ်ရုံလုံးက တရုပ်လုပ်ငန်းရှင်တွေ ပိုင်ကြတာ။ ချုပ်တာလည်း အတူတူပဲ။ နှစ်ရုံလုံး Primark brand ကိုပဲ ချုပ်တာဖြစ်ပါတယ်။ လုပ်ငန်းပိတ်သိမ်းတဲ့အခါ Gysen စက်ရုံဘက်က သမဂ္ဂနဲ့ WCC မှာ စာချုပ် ချုပ်ပေးခဲ့တယ်။ GTIG ကတော့ ခုထိငြင်းဆန်ဆဲပါ။ နှစ်ရုံလုံးပိတ်သိမ်းကို ကြိုမတင်ထားပါဘူး။ အပြီးပိတ်သိမ်းမဟုတ်ဘဲ ယာယီဆိုရင်တော့ နစ်နာကြေးမပေးခင်မှာ သမဂ္ဂနဲ့ ညှိနှိုင်းသဘောတူညီမှုလုပ်ရမယ်။ ဘယ်သူတွေက ဘယ်လိုချိုးဖောက်ထားတယ် ဆိုတာတော့ဆက်ပြီး လေ့လာတင်ပြပေးပါ့မယ်” ဟု STUM က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *