April 27, 2024

Photo crd; ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝက်ဘ်ဆိုဒ်

၂၈. ၂. ၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၂၅ သန်း ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဖေဖော်ဝါရီ ၂၈ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေး မှတ်တမ်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး/မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျှက်ရှိပြီး တည်ငြိမ်အေးချမ်းသည့် ပဲခူးဒေသအား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဇုန်တစ်ခုအနေဖြင့် ပြည်တွင်း/ပြည်ပ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာမှု ပိုမိုများပြားလာသဖြင့် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးကြောင်းကို လုပ်ငန်းရှင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ဝန်ကြီးက မိမိတို့ တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်းရှိ ဆည်/တမံ၊ မြစ်ချောင်းများကို အခြေခံ၍ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံများ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စက်မှုဇုန်အတွင်း မြေလပ်မရှိ သတ်မှတ်ထားသော စက်မှုလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ ခွင့်ပြုပေးရာတွင် နောင် အနာဂတ် အစိုးရစီမံကိန်းများနှင့် လွတ်ကင်းမှုရှိစေရေး သတိချပ်ရန်လိုအပ်ကြောင်း
စသဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့အပြင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုကြောင့် ရပ်နားခဲ့ရသည့် စက်ရုံ/အလုပ်ရုံများ၊ တည်ဆောက်ဆဲ စက်ရုံအလုပ်ရုံများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နယ်မြေများအလိုက် ကော်မတီများ ဖွဲ့စည်းသွားရန်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုမည့် ခွင့်ပြုဓာတုပစ္စည်းများအား လူ၊တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျ သိုလှောင်သုံးစွဲရန် တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က မြန်မာနိုင်ငံသားပိုင် Shwe Gyin Shwe Pin Co., Ltd ၏ မှိုင်းခံရာဘာပြားထုတ်စက်ရုံသစ် ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Hansae Bago Co., Ltd ၏ အဝတ်အထည်အမျိုးမျိုးထုတ် လုပ်သည့်စက်ရုံသစ် ရင်းနှီးမြှုပ်နှံမှု၊ စက်ရုံမြေတိုးချဲ့ခြင်း၊ ကုန်ကြမ်းပစ္စည်းပြောင်းလဲတင်သွင်းခြင်း၊ လုပ်သားဦးရေ တိုးချဲ့ခန့်ထားခြင်းနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းစသည့် စက်မှုလုပ်ငန်းများ၏ အမှုတွဲများ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကော်မတီဝင်များက ပြန်လည် အကြံပြု ဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၄ ခုရှိပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၇၈၃ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၇၅၂၃၅ ဒသမ ၇၇၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၈၄၅၈ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News