
၂၄.၄.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အိမ်ဖြူတော်မှာ အစ္စရေးနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံတို့မှ သံတမန်တွေနဲ့အတူ ဧပြီလ ၂၃ ရက်က ရှားရှားပါးပါးတွေ့ဆုံခဲ့ဆွေးနွေးခဲ့ပြီးနောက်မှာတော့ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို သုံးပတ်ကြာ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က “အစည်းအဝေးက အလွန်ကောင်းမွန်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ဟစ်ဇ်ဘိုလာရန်မှ ကာကွယ်ဖို့ လက်ဘနွန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ သူ့ရဲ့ Truth Social လူမှုမီဒီယာပလက်ဖောင်းမှာ ကြေညာချက်ထုတ်ရာမှာ ပြောခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ကနဦး ဆယ်ရက်ကြာ အပစ်အခတ်ရပ်စဲမှုကို ဧပြီလ ၁၇ ရက်က သဘောတူ အသက်ဝင်ခဲ့ပြီး ဧပြီလ ၂၇ ရက်မှာ သက်တမ်းကုန်ဆုံးမှာပါ။
ထရမ့်ပ်က အခုနှစ်မှာ အစ္စရေးနဲ့ လက်ဘနွန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အထူးအခွင့်အရေးကောင်း ရရှိမယ်လို့ သူ့အနေနဲ့ မြင်တွေ့တယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။ သူက “အစ္စရေးဝန်ကြီးချုပ် ဘီဘီ နေတန်ရာဟုနဲ့ လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ် အာအွန်တို့ တွေ့ဆုံ့ ဆွေးနွေးပွဲကို မကြာမီလက်ခံကျင်းပပေးဖို့ ကျွန်တော်ကြိုဆို မျှော်လင့်ပါတယ်” လို့ ထပ်လောင်း ပြောခဲ့ပါသေးတယ်။
လက်ဘနွန်က အစ္စရေးနဲ့လက်ဘနွန်အခြေစိုက် အီရန်ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တို့ အကြား ပဋိပက္ခမှာ တက်ကြွစွာပါဝင်ပတ်သက်မှုမရှိပေမယ့် အီရန်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အစ္စရေးနဲ့ စစ်သွေးကြွအဖွဲ့အကြား တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားပြီးနောက် လက်ဘနွန် အစိုးရက တင်းမာမှုလျှော့ချဖို့ တိုက်တွန်းနေခဲ့တာပါ။
လက်ဘနွန်နဲ့ အစ္စရေးတို့အကြား သံတမန်ဆက်ဆံရေး မရှိပါဘူး။သူတို့အကြား တိုက်ရိုက်၊ အဆင့်မြင့်ဆွေးနွေးပွဲတွေကို ၁၉၉၃ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့တာပါ။
သူတို့အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲထားပေမယ့် တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဧပြီလ ၂၂ ရက်က အစ္စရေးရဲ့တိုက်ခိုက်မှုမှာ လက်ဘနွန်သတင်းထောက်တစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
Ref : DW News
