


၂၃. ၄. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်သားများသည် နိုင်ငံတော်နှင့်ပြည်သူကို သစ္စာခံထားသူများဖြစ်သောကြောင့် ပြည်သူကအားကိုးရသည့်၊ တိုင်းပြည်က အားကိုးရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယနေ့တွင် ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားတွေ့ဆုံ အမှာစကားပြောကြားစဉ် မှာကြားသည်။
တပ်တွင်းစည်းလုံးညီညွတ်ရေးများတွင် ဦးဆောင်သူများသည် မှန်ကန်သောဦးဆောင်မှုများ လုပ်ဆောင်သွားရန်လိုပြီး မှန်ကန်သောဦးဆောင်မှုဆိုသည်မှာ ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့် ကိုက်ညှိလုပ်ဆောင်ရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှုနေထိုင်မှုများကို ရှောင်ကြဉ်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များ အသုံးချ၍ ပြည်သူက အားကိုးရသည့်၊ တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်၍ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းနှင့် ဇနီး ဒေါ်နီလာတို့သည် ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။
