



◾️ အဆိုပါ မြို့နယ်များအတွင်း စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်များအနက် တစ်မျိုးမျိုးကို ချမှတ်ခံရမည်
၂၃. ၆. ၂၀၂၆
Written by Nyein Kyaw
အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ မြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးစီးချုပ်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ အပ်နှင်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၂ /၂ဝ၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံတော်သမ္မတရုံးသည် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်အမှတ် (၁/၂၀၂၆) ကို ထုတ်ပြန်၍ ယင်းအမိန့်ပါ မြို့နယ်များကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်အမှတ်၊ ၂/၂၀၂၆ အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများတွင်ပါဝင်သော ယင်းဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ပါမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းလိုက်သည်။
သက်ဆိုင်ရာတိုင်းမှူးများသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ကြောင်း ဖော်ပြထားသည်။
အရေးပေါ်အခြေအနေကြေညာထားသည့်မြို့နယ်များနှင့် သက်ဆိုင်သည့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးများအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းခဲ့လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃/၂ဝ၂၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃/၂ဝ၂၆) အရ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ တိုင်းမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်ဖြစ်သည်။ သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
ထို့အတူ သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေးပိုင်းတွင် လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ဆောင်ရွက်ရမည်ဖြစ်သည်။
တရားစီရင်ရေးအပိုင်းတွင်မူ တရားရုံးများဖွဲ့စည်းပြီး သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းတွင် စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်ပြီး ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်များအနက် တစ်မျိုးမျိုးကို ချမှတ်ရမည်ဖြစ်သည်။
စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူးတို့၏ အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်။
ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့လျှော့ပေါ့ ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း၊ အယူခံခြင်း၊ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရဟု ဖော်ပြထားသည်။
စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း သက်ဆိုင်ရာတိုင်းမှူးထံသို့ လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် သက်ဆိုင်ရာတိုင်းမှူးများသည် မိမိသဘောအလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်ပြီး ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် သက်ဆိုင်ရာတိုင်းမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့်ကိစ္စတွင် အထက်တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။
သက်ဆိုင်ရာတိုင်းမှူးတို့သည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်းဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အစီရင်ခံရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
