



၂၃. ၄. ၂၀၂၆
Written by Nyein Kyaw
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ မြို့နယ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာသည်”
ယင်းအမိန့်အရ ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေ စသည့်မြို့နယ် ၅ ခု၊ ကယားပြည်နယ်အတွင်း ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ စသည့် မြို့နယ် ၃ ခု၊ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် ၂ ခု၊ ချင်းပြည်နယ်အတွင်း ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်း စသည့်မြို့နယ် ၇ ခုတို့ဖြစ်သည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော် စသည့်မြို့နယ် ၈ ခု၊ မကွေးတိုင်းဒေသကြီးအတွင်း ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြို စသည့်မြို့နယ် ၅ ခု၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ် စသည့်မြို့နယ် ၁၄ ခုနှင့် ရှမ်းပြည်နယ်အတွင်း နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလား စသည့်မြို့နယ် ၁၅ ခုတို့ဖြစ်သည်။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်။
အထက်ပါ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁ /၂ဝ၂၆) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၂ /၂ဝ၂၆) ဖြင့် ကြေညာသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်ကြောင်းနှင့် ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။
