သက်တံ့
၂၃. ၄. ၂၀၂၆
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က မွတ်စလင်မ်အရေးလုပ်ဆောင်သည် လူ့အခွင့်အရေးရှေ့နေတစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သူ ကာမွန်ဆတ် လီဝါမို (Kamonsak Leewamoh) ကို လုပ်ကြံရန် ကြိုးပမ်းမှုတွင် သေနတ်သမားအဖြစ် သံသယရှိသူ ဒုဗိုလ်ဟောင်း ဝီရုတ် ကေတေမနီ (Lt Wirote Katemanee) အား ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ယနေ့ (ကြာသပတေးနေ့) တွင် အခင်းဖြစ်ပွားရာ နာရသီဝပ်ပြည်နယ်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။
ယမန်နေ့ ဧပြီ ၂၂ ရက်က ဖမ်းဆီးရမိခဲ့သည့် ရေတပ်ကင်းထောက်အရာရှိဟောင်း ဝီရုတ်က သူသည် သေနတ်သမားဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း၊ နောက်ကွယ်မှ ကြိုးကိုင်သူနှင့် ပတ်သက်၍ သူ၏ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က သံသယရှိနေဆဲဖြစ်သည်။ အခြားဖမ်းဆီးထားသူ သံသယရှိသူ ၄ ဦးကလည်း ဝန်ခံထားသော်လည်း ၎င်းတို့၏ ထွက်ဆိုချက်များမှာ တစ်ဦးနှင့်တစ်ဦး ကွဲလွဲနေသောကြောင့် မည်သူက အမိန့်ပေးစေခိုင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
◾️ လုပ်ကြံမှု မအောင်မြင်ရခြင်း အကြောင်းရင်း
Prachachat ပါတီမှ အမတ်ဖြစ်သူ ကာမွန်ဆတ်ကို ပစ်ခတ်စဉ် ခလုတ်ဆွဲခါနီးတွင် စိတ်လှုပ်ရှား တွန့်ဆုတ်သွားခဲ့သောကြောင့် အမတ်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဝီရုတ်က ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။ မတ်လ ၂၀ ရက်က ဘာချို (Bacho) ခရိုင်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုအတွင်း အမတ်မှာ ထိခိုက်မှုမရှိခဲ့သော်လည်း သူ၏ ကားဆရာနှင့် လုံခြုံရေးရဲအရာရှိတို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နူအယ်မာ (Samran Nualma) က ဝီရုတ်သည် ပစ်ခတ်မှုမတိုင်မီ ကားတစ်စီးကို ငှားရမ်းခဲ့ကြောင်း ဝန်ခံထားပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးနေသည်ဟု ဆိုသည်။
ယခုအမှုတွင် ဖမ်းဆီးထားသည့် အခြားသံသယရှိသူ ၄ ဦးမှာ ၁။ Somporn Langdetch (ရေတပ်အရာရှိဟောင်း) ၂။ Alavi Lawae (ကားမောင်းသူ) ၃။ Sunthorn Phrompakdee (ပစ်ခတ်ရာတွင်သုံးသည့် ကားကို ဖျက်ဆီးပေးသည့် ဝပ်ရှော့ပိုင်ရှင်) ၄။ Thanapat Watthanapinyo (သစ်တောလုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းနှင့် သေနတ်သမားတစ်ဦး) တို့ ဖြစ်ကြသည်။

◾️ နောက်ကွယ်မှ ကြိုးကိုင်သူအား ရှာဖွေခြင်း
ဝီရုတ်သည် ကုလသမဂ္ဂ (UN) တွင် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လာပြီးနောက် အခင်းမဖြစ်ပွားမီ တစ်လအလိုတွင် နာရသီဝပ်၌ ဆိုမ်ပွန် (Somporn) နှင့်အတူ နေထိုင်ခဲ့ကြောင်း သိရသည်။
ဝီရုတ်က သူသည် ဆိုမ်ပွန်မှတစ်ဆင့် ဤအစီအစဉ်ကို သိရှိခဲ့ခြင်းဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူ (Mastermind) ကို မသိရှိကြောင်း ထွက်ဆိုထားသည်။ သို့သော် နာရသီဝပ်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Prayong Kotsakha က ဝီရုတ်သည် အတွေ့အကြုံရင့် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရပ်ခြားတွင်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်သက်သက်ဖြင့် ယခုကဲ့သို့ စွန့်စားလုပ်ဆောင်မည်မှာ မဖြစ်နိုင်ဟု ယူဆနေသည်။
◾️ မြန်မာနိုင်ငံအတွင်းထိ ခြေရာခံဖမ်းဆီး
ဝီရုတ်သည် ဤအမှုတွင် နောက်ဆုံးကျန်ရှိနေသည့် သံသယရှိသူဖြစ်သည်။ သူသည် ပစ်ခတ်မှုအပြီးတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ဒီကေဘီအေ (DKBA – တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) က သူ့ကို ဖမ်းဆီးမိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ ကန်ချနပူရီခရိုင်၊ သံဖြူဇရပ်နယ်စပ် (စံခလပူရီ) ရှိ နယ်စပ်ဂိတ်တစ်ခုတွင် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
◾️ လူထု၏ စိုးရိမ်မှု
အမတ် ကာမွန်ဆတ်သည် ထိုင်းတောင်ပိုင်းရှိ မငြိမ်မသက်မှုများအတွင်း အာဏာပိုင်များ၏ မတရားပြုကျင့်ခံရသူများဘက်မှ ရပ်တည်ပေးသည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ ပစ်ခတ်မှုတွင် အသုံးပြုသည့်ကားမှာ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Isoc) ပိုင် ကားဖြစ်နေခြင်းနှင့် သံသယရှိသူ ၅ ဦးအနက် ၃ ဦးမှာ စစ်တပ်နောက်ခံရှိသူများ ဖြစ်နေခြင်းတို့ကြောင့် လူထုအကြား စိုးရိမ်မှုနှင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
Isoc အရာရှိများကမူ ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားထားသည်။ သံသယရှိသူ ဝီရုတ်ကို သောကြာနေ့တွင် တရားရုံးထုတ် ရမန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Bqangkok Post
